ဆိုးလ်မြို့ရောက်ရင် သွားသင့်တဲ့ ကော်ဖီဆိုင် ၅ ဆိုင်
12 October, 2019
ကျော်ကျော်သက်
တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်မြို့ကို ကမ္ဘာအရပ်ရပ်ကနေ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေဟာ မြို့ရဲ့သမိုင်းဝင်နေရာတွေ၊ စူပါမားကတ်တွေ၊ ဖက်ရှင်ဆိုင်တွေနဲ့ နာမည်ကျော် ဖျော်ဖြေရေးလုပ်ငန်းတွေကို သွားရောက်လေ့ရှိကြတဲ့အပြင် နောက်ထပ်လုပ်လေ့ရှိတာကတော့ နာမည်ကျော်ကော်ဖီဆိုင်တွေမှာ တကူးတက သွားထိုင်ကြတာပါ။ ဆိုးလ်မြို့မှာ ထူးခြားပြီး အရည်အသွေးကောင်းတဲ့ ကော်ဖီဆိုင်တွေ အများအပြားရှိတဲ့အနက် ကော်ဖီကြိုက်သူတွေ မဖြစ်မနေ သွားထိုင်ကြည့်သင့်တဲ့ ကော်ဖီဆိုင် ငါးဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ 943 Kings Cross Harry Potter Cafe’
လူငယ်တွေ စုဝေးလေ့ရှိတဲ့ ဟောင်ဒေးအရပ်မှာရှိတဲ့ King Cross ကဖေးဟာ ဆိုးလ်မြို့ရဲ့ နာမည်ကြီးကော်ဖီဆိုင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်ကို ဟယ်ရီပေါ်တာဇာတ်ကားထဲကအတိုင်း ပြင်ဆင်ထားပြီး ဆိုင်ထဲကို စားသောက်သူတွေ ဝင်ရောက်တဲ့အခါ ဟယ်ရီပေါ်တာရုပ်ရှင်ထဲက မှော်ကျောင်းကို ဝင်ရတဲ့အတိုင်း အစုလိုက်ဝင်ကြရတာပါ။ ဆိုင်ထဲက အသုံးအဆောင်တွေကို ရုပ်ရှင်ထဲက ပစ္စည်းတွေပုံစံ ပြုလုပ်ထားပြီး ဟယ်ရီပေါ်တာစာအုပ်တွေလည်း စုံစုံလင်လင် ထားရှိတဲ့အတွက် ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စာဖတ်လို့ ရပါတယ်။
၂။ CAFE Yeonnam-dong 239-20
ကိုရီးယား စိတ်ကူးယဉ်ဟာသဇာတ်လမ်းတွဲ ‘W’ ထဲက ပုံရိပ်တွေကို အခြေခံပြီး ပြင်ဆင်ဖန်တီးထားတဲ့ ဒီကော်ဖီဆိုင်လေးက ဝင်လာတဲ့သူတိုင်းကို ကာတွန်းစာအုပ်ထဲ ရောက်သွားသလို ခံစားရစေနိုင်ပါတယ်။ ဆိုင်လိပ်စာကို အမည်အဖြစ်ပေးထားတဲ့ ကဖီးယောင်နမ်ဒေါင် ၂၃၉-၂၀ မှာ အပိုင်းနှစ်ခုရှိပြီး အိမ်နောက်ဖေးခြံဝင်းပုံစံ ဖန်တီးထားတဲ့နေရာနဲ့ 2D ကာတွန်းကမ္ဘာပုံစံဖန်တီးထားတဲ့ နေရာတို့ ဖြစ်ပါတယ်။ ကာတွန်းပုံနေရာမှာ အရာအားလုံးကို အဖြူရောင်ခြယ်ထားပြီး အနားသတ်တွေကို အနက်ရောင်မျဉ်းတွေ ဆွဲထားတဲ့အတွက် ထူးခြားတဲ့ ကမ္ဘာတစ်ခုထဲ ရောက်သွားသလို ခံစားရမှာပါ။ ဒီဆိုင်ဟာ လူ ၂၀ စာပဲ နေရာရှိတဲ့ဆိုင်လေးဖြစ်ပေမယ့် ဆိုးလ်မြို့ရဲ့ နာမည်အကြီးဆုံး ကော်ဖီဆိုင်စာရင်း ဝင်ပါတယ်။
၃။ Stylenanda Pink Pool Café
ကိုရီးယားအလှကုန်လုပ်ငန်း Stylenanda ရဲ့ ပန်းရောင်ဟိုတယ်နဲ့ တွဲဖွင့်ထားတဲ့ ဒီပန်းရောင်ကော်ဖီဆိုင်ကလည်း ဆိုးလ်က မိန်းကလေးတွေ၊ လူငယ်စုံတွဲတွေ အကြိုက်တွေ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဆိုင်ရဲ့ အတွင်းပိုင်းနေရာ အများစုကို ပန်းရောင်ခြယ်ထားပြီး ထိုင်ခုံတွေ၊ စားပွဲတွေ၊ ပန်းအိုးတွေကိုလည်း ပန်းရောင်တွေအဖြစ် အသုံးပြုထားပါတယ်။ ဒီဆိုင်မှာတော့ ကော်ဖီမျိုးစုံအပြင် အသီးဖျော်ရည်တွေကိုလည်း လူကြိုက်များကြပါတယ်။ အလှကုန်လုပ်ငန်းရဲ့ ကော်ဖီဆိုင်ဖြစ်တာနဲ့အညီ အလှကုန်ပစ္စည်းအမျိုးမျိုးကိုလည်း ဝယ်ယူနိုင်ပါတယ်။
၄။ Jean Frigo
အပြင်ကနေကြည့်ရင် သစ်သီးဆိုင်တစ်ခုအသွင် ယူထားတဲ့ Jean Frigo ဟာ သီးသီးသန့်သန့်နဲ့ အေးအေးဆေးဆေး ကော်ဖီသောက်ချင်သူတွေ အကြိုက်တွေ့မယ့် ဆိုင်ဖြစ်ပါတယ်။ သစ်သီးဗန်းတွေရဲ့နောက်မှာ တန်းစီပြီး တပ်ထားတဲ့ ရေခဲသေတ္တာတံခါးပုံစံ သတ္တုတံခါးတွေကို ဖွင့်ပြီး ဝင်သွားမယ်ဆိုရင်တော့ ကော်ဖီဆိုင်နဲ့ ဘားကို တွဲဖွင့်ထားတဲ့ သီးသန့်ခန်းဆန်ဆန်နေရာလေးကို ရောက်သွားမှာပါ။ Jean Frigo ဟာ ကော်ဖီအမျိုးမျိုးကြောင့်သာမကဘဲ သစ်သီးဖျော်ရည်တွေနဲ့ ကော့တေးအမျိုးမျိုးကြောင့်ပါ နာမည်ကြီးပါတယ်။
၅။ UNAS
ကမ္ဘာကျော် ပြင်သစ်အစားအသောက်သင်တန်းကျောင်း လီကာဒန်ဘလူကနေ သင်တန်းဆင်းထားတဲ့ စားဖိုမှူး အန်အားလီက ဖွင့်ထားတဲ့ UNAS ကတော့ ကိတ်နဲ့မုန့်မျိုးစုံကြောင့် ထင်ရှားပါတယ်။ အထူးသဖြင့် ဒီဆိုင်က ထောပတ်သီးချိစ်ကိတ်ဟာ ကိတ်မုန့်ကြိုက်သူတိုင်း လက်မလွှတ်သင့်တဲ့ နာမည်ကျော်မုန့်ဖြစ်ပါတယ်။ ထောပတ်သီးအခွံထဲမှာ ချိစ်ကိတ်ကို ထည့်ထားပြီး အလယ်မှာ ထောပတ်သီးအစေ့ကို ထည့်ထားတဲ့အတွက် အမှတ်တမဲ့ ကြည့်လိုက်ရင် ကိတ်လို့မထင်ရတဲ့ဒီမုန့်ဟာ ဆိုးလ်မြို့ရောက်သူတိုင်း စားကြည့်သင့်တဲ့ မုန့်တစ်မျိုးအဖြစ် ညွှန်းဆိုခံရပါတယ်။