You can also download android application here.
Free Download ×

ကျီးလန့်စာစားနှင့် ပုတ်သင်ညို

ကျီးလန့်စာစားနှင့် ပုတ်သင်ညို

09 October, 2019

မောင်ခင်မင် (ဓနုဖြူ)

            တင်စားသုံးသော ဓလေ့သုံးစကားများတွင် တိရစ္ဆာန်ကို အခြေခံသော စကားများလည်း ပါဝင်သည်။ တိရစ္ဆာန်များ၏ သွင်ပြင်မူရာ၊ အမူအကျင့်၊ တိရစ္ဆာန်နှင့် လူမှုဆက်ဆံမှုတို့ကို အကြောင်းပြု၍ တင်စားသုံးသော စကားများကို နေ့စဉ် တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။

            ဆိုပါစို့။ ဣန္ဒြေမရ၊ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော အမူအရာကို “ကျီးကန်းတောင်းမှောက် ဖြစ်နေတယ်” ၊ “ကျီးလန့်စာစား ဖြစ်နေတယ်” ၊ “ကျီးကြည့်ကြောင်ကြည့် ကြည့်နေတယ်” ဟူ၍ အမျိုးမျိုး သုံးလေ့ရှိသည်။ တောင်းကို ထိုးမှောက်မိသော ကျီးကန်း၏ အမူအရာ၊ အလန့်တကြား အစာစားရသော ဟိုကြည့်သည်ကြည့် အမူအရာတို့ကို အစွဲပြုခြင်း ဖြစ်ပါသည်။ သရုပ်ပေါ်သော အသုံးအနှုန်းများ ဖြစ်ပါသည်။

            ကြက်၏အမူအရာနှင့်ပတ်သက်၍ “ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်” ၊ “အံ့သလွန်းလို့ ကြက်သေသေနေတယ်” ၊ “ညက အိပ်မပျော်ပါဘူး၊ ကြက်အိပ်ကြက်နိုးပါပဲ” ဟု သုံးလေ့ရှိပါသည်။ “ခွေးပြေး ပြေးရမယ်၊ ရန်သူတွေ ခွေးပြေးဝက်ပြေး ပြေးကုန်ပြီ” ဟု ခွေး၏အမူအရာကို အခြေခံ၍ တင်စားခြင်းမျိုးလည်း ရှိပါသည်။ ပေပြီး ငြိမ်ကြည့်နေတတ်သော ဆင်၏အမူအရာကို အစွဲပြု၍ “ဆင်ကြည့် ကြည့်နေတယ်” ၊ “ဆင်ကြံ ကြံနေပြီ” ဟု သုံးတတ်ကြပါသေးသည်။

            ဇောက်ထိုးပြောင်းပြန် နေတတ်သော ကင်းမြီးကောက် အမူအရာကို စွဲပြီး “ကင်းမြီးကောက်ထောင်နေတယ်” ဟူ၍ ဦးခေါင်းဇောက်ထိုး ခြေမိုးမျှော်ပြီး လက်နှစ်ဖက်ဖြင့် ထောက်ထားသော အမူအရာကို တင်စားလေ့ရှိသည်။ ထို့အတူ ရှုပ်ထွေးနေသော လက်ရေးကို ‘ကြောင်ခြစ်ထားသော လက်ရေး’ ၊ ကျိုထားသော ထန်းလျက်ရည်များ တန်းကျနေသည်ကို “ကြွက်မြီးတန်းနေပြီ” ၊ နေရာအနှံ့ ပေါများသည်ကို “ပလူပျံနေတာပဲ” ၊ ဟိုကူးသည်ကူး လှုပ်ရှားသွားလာနေသည်ကို “ပျားပန်းခပ်နေတယ်” ၊ မှောက်အိပ်သကဲ့သို့ အိပ်၍ မပျော့်တပျော် ဖြစ်နေသည်ကို ‘မျောက်မျဉ်း’ ၊ မှိုင်တွေငေးမောနေသည်ကို “လင်းတမှိုင် မှိုင်နေတယ်” ၊ ကိုယ်ကို မလှည့်ဘဲ ခေါင်းကိုသာ နောက်လှည့်ကြည့်သည့် အမူအရာကို “သမင်လည်ပြန် ကြည့်နေတယ်” ၊ မထောင်လွှားဝံ့ဘဲ ခပ်ကုပ်ကုပ် ဖြစ်သွားသော အမူအရာကို “အမြီးကုပ်သွားပြီ” ဟူ၍ တိရစ္ဆာန်များ၏အမူအရာကို အစွဲပြုပြီး သုံးတတ်ကြပါသည်။

            အငြိမ်မနေ ယောက်ယက်ခတ်နေသော မျောက်၏အမူအရာကို အစွဲပြု၍ “ဒီကောင်လေးက မျောက်ပဲ၊ မျောက်ရှုံးအောင် ဆော့တယ်” ဟု သုံးတတ်သလို အလုပ်အကိုင်နှေးသူ၊ ကိုယ့်ဘက်ကိုယ်ယက်သူကိုလည်း “ဒီလူကတော့ လိပ်ပဲ” ဟု သုံးတတ်ကြပါသည်။ စကားတတ်လွန်းသူကိုလည်း ‘သာလိကာမလေး’ ဟု တင်စားတတ်ကြပါသည်။ ခေါင်းလေးတညိတ်ညိတ် နေတတ်သော ပုတ်သင်ညို၏အမူအရာကို အစွဲပြု၍ “ဒီလူကတော့ ဘာမှပြန်မပြောဘူး၊ ပုတ်သင်ညိုလုပ်နေတာပဲ” ဟု သုံးတတ်ကြသည်။

            တိရစ္ဆာန်များ၏အသွင်အပြင် အမူအရာတို့ကို အစွဲပြုသော ဤစကားများသည် နေ့စဉ်သုံး စကားနယ်ပယ်တွင် အသုံးတွင်ကျယ်နေပါပြီ။


Comment Loading....