နှလုံးသားပေါ်မှ အမှတ်လက္ခဏာများ
08 October, 2019
ခင်စောတင့်
ဦးဆောင်သူက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ စံနမူနာပြပြီး ရှေ့ဆောင်သွားပါတယ်။
“ရှင့်သား ဂျိုးဆက်မှာ Autism (အများနဲ့မရောဘဲ ထီးတည်းနေခြင်း) ဖြစ်နေတယ်”
ကျွန်မ ကုလားထိုင်လက်ရန်းထဲကို လက်သည်းတွေ စူးဝင်သွားမတတ် တင်းတင်းဆုပ်ကိုင်ထားပြီး ချက်ချင်းပဲ ကြမ်းပြင်ထဲကို ကျုံ့ဝင်သွားတော့မလို ခံစားလိုက်ရတယ်။ ဆရာဝန်ဆီက ကျွန်မကြားချင်တဲ့ဆေးစစ်တမ်းက ဒါမျိုးမဟုတ်ပါဘူး။
ဂျိုးဆက်ရဲ့ သုံးနှစ်ပြည့်မွေးနေ့အလွန်မှာ သူ စကားပြောတာ နောက်ကျနေတုန်းပဲ။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ စိုးရိမ်မိကြပေမယ့် အလွန်အကျွံတော့ မလန့်မိကြဘူး။ ကျွန်မတို့ရဲ့သားအကြီး ဂျိုနသန် တုန်းကလည်း ဒီအရွယ်မှာ စကားပြောနောက်ကျခဲ့တယ်။ ဂျိုးဆက်လည်း သူ့အစ်ကိုလိုပဲ စကားပြောလေ့ကျင့်ခန်း လုပ်လိုက်ရင် သူ့အခက်အခဲကို ကျော်လွှားနိုင်မယ်လို့ တွေးခဲ့ကြတယ်။ Autism တဲ့လား။ ကျွန်မ လက်မခံနိုင်ပါဘူး။ ဆရာဝန် မှားနေတာဖြစ်ပါလိမ့်မယ်။ အခန်းထောင့်တစ်နေရာမှာတော့ သားက အရုပ်ပုံးကို မွှေနှောက်ပြီး ပလတ်စတစ်တယ်လီဖုန်းကို ဆွဲထုတ်ရင်း တခစ်ခစ် ရယ်နေတယ်။ ကျွန်မ ရယ်မောချင်တာကို ချုပ်တည်းထားလိုက်တယ်။ ခါတိုင်းလိုပဲ သားရဲ့ပျော်ရွှင်မှုက ကူးစက်ပြန့်ပွားလာတယ်။ သူက သိပ်ပျော်နေတယ်။ ကျွန်မ တွေ့သမျှ Autism ဖြစ်နေတဲ့ကလေးတွေက တစ်ယောက်တည်းပဲ နေတတ်ကြတယ်။ ဒီရောဂါဖြစ်နေတာ မဟုတ်နိုင်ပါဘူးလေ။
“ဒါ မမှန်နိုင်ဘူး။ သူ့ကို ကြည့်လေ။ သူ ပျော်နေတာပဲ။ ပြီးတော့ သူ့အရွယ်နဲ့ မလိုက်အောင် စာတွေ ဖတ်တတ်တယ်” လို့ ကျွန်မ စောဒကတက်လိုက်တယ်။ ဂျိုးဆက်က ပြုံးရင်း ကျွန်မရဲ့ပေါင်ပေါ်မှာ တက်ထိုင်ကာ ကျွန်မလည်ပင်းကို ဖက်ထားလိုက်တယ်။ ကျွန်မရဲ့ပါးပြင်ပေါ်ကို သူ့ရဲ့အသက်ရှူတဲ့လေလေး ဖြတ်သန်းသွားတာ၊ သူ့နှလုံးခုန်နေတာကို ခံစားရင်း ကျွန်မ မျက်ရည်တွေ ကျလာတယ်။ ကျွန်မမျက်လုံးတွေထဲမှာတော့ ကလေးက ဘာချို့ယွင်းချက်မှ မရှိပါဘူး။ အခု သူစိမ်းတစ်ယောက်က သူဟာ ပုံမှန်မဟုတ်ဘူးလို့ ပြောနေတယ်။ “သားက ဗီဒီယိုဂိမ်းတွေလည်း ကောင်းကောင်းကစားတတ်တယ်” လို့ ရှိုက်သံနဲ့ ပြောမိတယ်။
ဆရာဝန်က လည်ချောင်းရှင်းလိုက်ပြီး “ဂျိုးဆက်ဖြစ်နေတာက လှုပ်ရှားလည်ပတ်မှုမြင့်တဲ့ Autism အမျိုးအစားပါ။ သူ့ဉာဏ်ရည်က သာမန်ထက် မြင့်တယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ သူ့ကို သာမန်ကလေးတစ်ယောက်လိုပဲ ဆက်ဆံပါ။ ဒီလိုမှမဟုတ်ရင် သူ ထိခိုက်သွားနိုင်တယ်။ သဘောပေါက်ရဲ့လား” လို့ ပြောပါတယ်။
ကျွန်မမှာ ဂျိုးဆက်အတွက် ပြင်ဆင်ထားတာတွေ ရှိတယ်။ သူဟာ ဦးဆောင်သူတစ်ယောက်ဖြစ်ရမယ်။ သူ ထိတွေ့မိသမျှမှာ သူ့လုပ်ဆောင်ချက်တွေ ကျန်ရစ်စေရမယ်။ ဒီရည်ရွယ်ချက်တွေက အခုတော့ ရေစစ်ထဲကနေ ရေတွေ မြန်မြန်ကြီး ထွက်သွားသလို လျှောကျသွားတော့တယ်။
နောက်ရက်တွေမှာ ကျွန်မ စိတ်ဓာတ်ကျဆင်းခြင်းပင်လယ်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေခဲ့တယ်။ မိဘတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်း ကျွန်မမှာ မရှိဘူးလို့ သံသယဝင်မိတယ်။ ကျွန်မကသာ စာရေးတဲ့အချိန်တွေကို လျှော့ပြီး သားအတွက် အချိန်ပိုပေးခဲ့မယ်ဆိုရင် သူ့ရောဂါလက္ခဏာတွေကို ကြိုပြီး သိခဲ့မှာပဲလို့ ကျွန်မကိုယ်ကျွန်မ ဒေါသနဲ့ အပြစ်တင်မိတယ်။ လူတွေက “ဖြစ်မှဖြစ်ရလေ၊ ရှင် ကိုယ်ဝန်ရှိတုန်းက ဘာတွေလုပ်ခဲ့မိလို့လဲ၊ မျိုးရိုးလိုက်တာလား၊ ရှင့်မျိုးရိုးဘက်ကလား” လို့ ပြောလာကြတော့ မိမိကိုယ်မိမိထားတဲ့ ယုံကြည်မှုတွေ ကျဆင်းသွားတယ်။ သူတို့ပြောတာတွေကြောင့် ဂျိုးဆက် ဒီလိုဖြစ်ရတာဟာ ကျွန်မတစ်ယောက်တည်းပဲ အပြစ်ရှိတာ ထင်ရှားနေသလိုပဲ။
လူကြားထဲကို ထွက်ရမှာ ကျွန်မ မုန်းတယ်။ ဂျိုးဆက်က ရုတ်တရက် အဆက်မပြတ် အော်ဟစ်တာတွေ၊ သူ့ကိုယ်ကို ရှေ့နောက်ဘယ်ညာ လှုပ်နေတာတွေ၊ သူ့ပါးကို သူ ချတာတွေ လုပ်တတ်တယ်။ လူတွေက ဝိုင်းကြည့်ကြပြီး တိုးတိုးတိုးတိုး ပြောသွားတယ်။ ကောင်းကောင်းနေတတ်ကြတဲ့ သာမန်ကလေးတွေနဲ့ဆိုရင် ကျွန်မ ပိုပြီး စိတ်ညစ်ရတယ်။ သားလေးကို ဒီလိုအခြေအနေနဲ့ လူတွေ မတွေ့စေချင်သလို ကျွန်မကိုယ်ကျွန်မလည်း မုန်းမိတယ်။
စိတ်ဖိစီးမှုတွေ သက်သာအောင်၊ စိတ်တွေ ထိန်းချုပ်နိုင်အောင် ညဘက်မှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ တစ်ညမှာတော့ ကျွန်မရဲ့ ညှိုးနွမ်းနေတဲ့နှလုံးသားက ဝေဒနာကို သက်သာရာရစေဖို့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိတယ်။ ကတ္တီပါနောက်ခံကားအမည်းပေါ်မှာ ကျောက်သံပတ္တမြားတွေလို မှိတ်တုတ် မှိတ်တုတ်ဖြစ်နေတဲ့ ကြယ်လေးတွေကို ငေးကြည့်နေရင်း ကျွန်မ တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားတယ်။ ဒါဟာ ကျွန်မအပြစ်မဟုတ်ဘူး။ ဂျိုးဆက် ဒီလိုဖြစ်အောင် ကျွန်မ မလုပ်ခဲ့ဘူး။ ဒီလိုမဖြစ်အောင် ကျွန်မ တားဆီးလို့ မရနိုင်ဘူး။ ကျွန်မ ရှေ့ဆက်လှုပ်ရှားပြီး ကျွန်မသားလေးရဲ့ ဝေဒနာသက်သာအောင်သာ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ဖို့လိုတယ်။
ကျွန်မရဲ့ခင်ပွန်းအပေါ်မှာ အပြစ်တင်နေတာကို ရပ်လိုက်ပြီး သူနဲ့အတူ ဂျိုးဆက်ကို လေ့ကျင့်ပေးနိုင်မယ့်နေရာတွေ၊ သင်တန်းတွေကို စုံစမ်းရှာဖွေကြတယ်။ ဒီရောဂါနဲ့ပတ်သက်တဲ့စာအုပ်တွေ ဖတ်ပြီး ပညာရအောင် ကြိုးစားတယ်။ ဗဟုသုတရှာဖွေပါတယ်။
ဂျိုးဆက်ကို သူ့ပင်ကိုအတိုင်း ကြည့်လို့ ရသွားတယ်။ သူဟာ တခြား သက်တူရွယ်တူကလေးတွေလိုပဲ မမောနိုင် မပမ်းနိုင်အောင် မရပ်မနား ဆော့တတ်တဲ့ကလေးလို့ပဲ မြင်မိတယ်။ လူတွေကို ဂရုမစိုက်ဘဲ အရှိအတိုင်း အပြည့်အဝ ရှင်သန်နေတာကို ကျွန်မ အံ့ဩချီးမွမ်းမိပါတယ်။
တစ်ခါက ကုန်စုံဆိုင်ထဲမှာ အပျော်လွန်ပြီး အဆက်မပြတ် အော်နေတယ်လေ။ ဖြတ်သွားတဲ့လူတွေက မနှစ်မျို့တဲ့မျက်နှာတွေနဲ့ စိုက်ကြည့်သွားတာကို ရှက်ရွံ့အားနာပြီး တိတ်တိတ်နေဖို့ တားဆီးပေမယ့် မရဘူး။ အသက်ကြီးတဲ့ အမျိုးသမီးကြီးတစ်ယောက်က မရှိတဲ့သွားတွေ ပေါ်အောင် ပြုံးပြီး “အော်ပါစေကွယ်၊ ပျော်လို့ အော်နေတာပါ၊ သူအော်တာတွေ ကြားရတာ အဘွားရင်ကို နွေးထွေးသွားစေတယ်” လို့ ပြောလာတယ်။
ကျွန်မတို့ အမှုမဲ့အမှတ်မဲ့ နေတတ်တဲ့အရာတွေကို ဂျိုးဆက်က တစ်မျိုးမြင်ပြီး သုံးသပ်တတ်တယ်။ မိုးရေစက်ကလေးက ပြတင်းပေါက်မှန်ပေါ်မှာ ကွေ့ကောက်စီးဆင်းနေတာတွေ၊ ငှက်တွေ ထပျံသွားတဲ့အခါ တောင်ပံခတ်သံတွေနဲ့ နေလုံးကြီး ဝင်သွားတာကိုတောင် သူ့အတွက်က အသက်ရှူမှားလောက်တဲ့ ရင်သပ်ရှုမောစရာတွေ ဖြစ်တတ်တယ်။ သူ့အတိုင်း ကျွန်မလည်း ဘဝရဲ့အသေးအမွှားအရာလေးတွေကို ပျော်ရွှင်အံ့ဩတတ်လာတယ်။ အရင်က မမြင်မိမကြားမိဘဲ လွတ်သွားခဲ့တာပါလားလို့ နှမြောတတ်လာတယ်။ သူ့လို မမြင်ခဲ့တာ ကျွန်မကိုယ်ကျွန်မ မယုံနိုင်စရာပဲ။
ဒီလိုဆိုတော့လည်း ဂျိုးဆက်က ကျွန်မရဲ့ရည်မှန်းချက်တွေကနေ အဝေးကြီး သွေဖယ်မသွားသေးဘူး။ ကျွန်မတို့ရဲ့ ဦးဆောင်သူလေးက သူနဲ့ ထိတွေ့သမျှအပေါ်မှာ သူ့အမှတ်အသားတွေ ထင်ကျန်ရစ်အောင် လုပ်ဆောင်နေတယ်။ အထူးသဖြင့် ကျွန်မအတွက်ပေါ့ရှင်။
Marks on the Heart by Debbie Roppolo