ပျော်ရွှင်ဖွယ် မှတ်စုများ
07 October, 2019
ဆူးရစ်နွယ်
ကိုးတန်းနှစ်ကနေမယ်။ ကောင်မလေးတွေပါဗျာ၊ ဘာတွေအရူးထသလဲ မသိပါဘူး။ အော်တိုစာအုပ်လေးတွေ ယူပြီး လာရေးခိုင်းတယ်။ ဘာရေးရမတုံးဆိုတော့ ရေးချင်ရာရေးပေးဟာတဲ့။ အဲဒါနဲ့ အပေါ်မယ် ရေးထားတာတွေ ကြည့်လိုက်တော့ အချစ်ဆိုတာ ဘယ့်နှယ့် ဘယ်ညာ။ သံယောဇဉ်ဆိုတာ ဘယ်လို။ ဘာတွေလျှောက်ရေးထားမှန်း မသိပါဘူး။ အဲဒါနဲ့ “အေး၊ ရေးမယ်ဟာ” ဆိုပြီး ရေးပေးလိုက်တယ်။ “ငါ့အပေါ် သစ္စာရှိတာဆိုလို့ ငါ့ချိုင်းထောက်ပဲ ရှိတယ်” အဲဒီလို ရေးပေးလိုက်တော့ နင့်ဟာက ဘာကြီးမှန်းလဲ မသိဘူးတွေ ဘာတွေ လုပ်ကြရော။
ဟုတ်တယ်လေ။ ဘယ်သွားသွား အတူတူပါတဲ့တခြားအရာဆိုလို့ ချိုင်းထောက်ပဲ ရှိတာကိုး။ တစ်ခါမှ မေ့မကျန်ဖူးဘူးရယ်။ မျက်မှန် ပျောက်တယ်။ ထီး မေ့ကျန်တယ်။ မိုးကာ ကျန်ခဲ့တယ်။ ခမောက် ပျောက်တယ်။ ချိုင်းထောက်ကတော့ စိတ်ဆိုးလို့ လွှတ်ပစ်တောင် ပြန်ကောက်ခဲ့ရတာပဲလေ။ အိမ်သာတက်လည်း ပါတယ်။ ကျောင်းသွားလည်း ပါတယ်။ ဘုရားသွားလည်း ပါတယ်။ အရက်ဆိုင်သွားလည်း ပါတယ်။ ဘုန်းကြီးဝတ်တော့လည်း ပါတယ်။ သိမ်ဝင်တော့လည်း ပါတယ်။ ကျွန်တော့်ချိုင်းထောက်က သိမ် သုံးခါ ဝင်ဖူးတယ်။ သိမ်ဝင်ချိုင်းထောက်လေ။ အဲဒါရှိရင် ဘယ်မကောင်းဆိုးဝါးမှ ကပ်မရဘူး။ တော်ရုံလူလောက်လည်း အမှောက်ရိုက်လို့ ရတယ်။ အခြေအနေမဟန်လည်း ပြေးတဲ့အခါ ဟန်ကျတယ်။ မသာအိမ် ဖဲရိုက်တော့လည်း ပါတာပဲ။ မင်္ဂလာဆောင်သွားတော့လည်း ပါတာပဲ။ အိမ်ပေါ်တက်တဲ့အခါ ခြေထောက်တင် ဆေးရတာ မဟုတ်ဘူး။ ချိုင်းထောက်ပါ ဆေးရတယ်။ လက်ဖက်ရည်ဆိုင်ထိုင် အပျိုတွေ ငေးတော့လည်း ပေါင်ပေါ် တယုတယ တင်ထားရတာပဲ။ ရေဆေးပေးရတယ်။ ပြောင်နေအောင် သုတ်ထားရတယ်။ ခြေတစ်ဖက်ဆိုလည်း ဟုတ်တယ်။ အီကွစ်မင့်ဆိုလည်း ဟုတ်တယ်။ တစ်နေရာမှာ ထိုင်တော့မယ်ဆိုလည်း ချိုင်းထောက်အတွက် နေရာကြည့်ရတယ်။ အဲဒီတော့ ကျွန်တော့်ချိုင်းထောက်ကို အကြောင်းပြုပြီး ကျွန်တော့်မှာ တစ်ကိုယ်ကောင်းစိတ် မထွန်းကားနိုင်ရှာဘူး။
ကားပေါ်တက် ထိုင်စရာရပြီဆို ချိုင်းထောက်ကို နေရာချရတယ်။ တသီးတသန့် မဟုတ်ဘဲနဲ့ အဆင်ပြေအောင် ထားရတယ်။ တစ်ခါက လိုင်းကားပေါ်မှာ ထိုင်ခုံရတော့ ထိုင်ရတယ်ပေါ့လေ။ လူက ကျပ်နေတာ။ စာအုပ်ဝယ်ပြီး အပြန်ပဲဗျ။ ကျောပိုးအိတ်နဲ့ မိုးကာ ခေါက်ရက်သား ကိုင်ထားတာနဲ့ ချိုင်းထောက်နဲ့ဆိုတော့ ထိုင်လျက်ကိုတောင် ကားခ မနည်းထုတ်ယူရတယ်။ ဘတ်စ်ကားထိုင်ခုံတွေကတော့ သိတဲ့အတိုင်းပဲ၊ ကျဉ်းကျဉ်းကျပ်ကျပ် ထိုင်ရတာကိုး။ အဲဒါဗျာ၊ ဘေးနားက ပုဂ္ဂိုလ်က ညီလေး ကိုင်ရတာအဆင်မပြေရင် အစ်ကို့ပေးထားဆို ချိုင်းထောက်ကို တောင်းတာ။ ရပါတယ်ဆိုတာကို ဘယ်လိုမှငြင်းမရဘူး။ ကဲ ဒီလောက်ကူညီနေချင်မှဖြင့် ယူထားဗျာဆို ပေးထားတာ။ ဒီလူ ချိုင်းထောက်သမားမှမဟုတ်ပဲ။ အထာ ဘယ်သိမလဲ။ ကျွန်တော်က ကားပေါ် ထိုင်လို့ရှိရင် ချိုင်းထောက်ကိုင်တဲ့အခါ မျက်နှာနဲ့ လွှဲထားတတ်တယ်။ ပခုံးဘေး သေနတ်ထမ်းသလို အနေအထားနဲ့ကိုင်တာကိုး။ အထာဆိုတာ အဲဒါပဲလေ။ ဟိုလူက အလံကိုင်သလို ရှေ့တည့်တည့် ကိုင်ထားတာ။ မကြာပါဘူး၊ လူတွေ အထဲဝင် မစီးလို့ ဒရိုက်ဘာက ဒက်စတော့ အုပ်လိုက်ရော။ ဂုတ်ဂုတ်ဆို ချထည့်လိုက်တာ ကိုင်ပေးတဲ့သူမယ် အပေါ်နှုတ်ခမ်းပေါက်ပါရော။ အားတွေ နာလိုက်တာဆိုတာဗျာ။ သူကလည်း ကိုင်ချင်တာကိုး။ ထိုင်တော့လည်း အဲဒီလို။ မတ်တတ်စီးတော့လည်း တစ်ဒုက္ခ။ ကိုယ့်ဟာကို ကားသံတိုင်အမှတ်နဲ့ ဆွဲထားကြတာဗျ။ အရပ်တွေကလည်း ပုကြတာကိုး။ အပေါက်ဝစီးရင် ပိုဆိုးတယ်။ လိုင်းကား ဆိုတာတွေကလည်း ဆင်းခါနီးရင် အပေါက်ဝနား ကြိုရပ်ရတယ်။ လူတိုးထွက်ရတာ မလွယ်ဘူးလေ။ အဲဒီခါကျရင် ကျွန်တော့်ချိုင်းထောက်ကို ကားက သံတိုင်မှတ်လို့ ကိုင်ပြီး တက်ကြတာ။ တစ်ယောက်လည်းဟုတ်၊ နှစ်ယောက်လည်းဟုတ်၊ စပါယ်ယာအော်လည်း မရဘူး။ ယောက်ျားတွေရော မိန်းမတွေရော အဘွားကြီးတွေရောဗျ။ သူတို့ ဆွဲတက်ရင် ကိုယ်က တောင့်ထားပေးရတယ်။ မဟုတ်ရင် နှစ်ယောက်လုံး ဝမ်းလျားမှောက် လဲကုန်မှာလေ။ တစ်ခါတလေ ဆွဲကြလို့ အရှိန်လွန်ကုန်ရင် သူတို့လက်ထဲ ပါသွားတတ်သေးတယ်။ ဆွဲတက်ကြတဲ့အခါ ယောက်ျားလေးတွေကတော့ ဆွဲမိပြီဆို ဟာ အစ်ကို ဆောရီးနော်ဆို ပြောကြတယ်။ မိန်းကလေးတွေကျ ဟီးဟီး ဟီးဟီးနဲ့ ဘာမှန်းကို မသိတာရယ်။
အဝေးပြေးကားတွေပေါ်ဆိုလည်း ဒီလိုပဲ။ ချိုင်းထောက်ကို ခုံနှစ်လုံးကြား ထားရတာ။ ကျွန်တော့်ချိုင်းထောက်က ကျွန်တော့်အတွက်တော့ နယ်စည်းပဲ။ လုံခြုံရေးလိုင်းပဲ။ အဝေးပြေးကား တစ်ညလုံး စီးရတာဆိုတော့ အိပ်တာပေါ့ဗျာ။ အဲဒါ တစ်ခါသား ကောင်မလေးတစ်ယောက်နဲ့ ကျတာ။ ဘေးက မိန်းကလေးဆိုတော့ လွတ်လွတ်လပ်လပ် မအိပ်ရပါဘူး။ တစ်ညလုံး အိပ်ရေးပျက်တာပဲ။ မနက်လင်းလို့ ကားဝင်း ရောက်ခါနီးကျမှ ခုံလေး ကျောမှီပြီး မှေးခနဲ အိပ်ပျော်မယ်ဖြစ်တယ်။ လူက ငိုက်နေပြီ။ ကောင်မလေးကလည်း ကျွန်တော့် ကျောပေးပြီး အိပ်လာတာ။ ခဏနေတော့ ကလေးမက ကျွန်တော့်ဘက်ကို တစ်ကိုယ်လုံး ဆတ်ခနဲလှည့်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကြည့်တာ။ ကိုယ်လည်း ဘာတုံးဟဆို လန့်သွားတာပေါ့။ ပြီးကျ သူ့ဟာသူ အောက်ငုံ့ကြည့်ပြီး ဟိဆို ဟိုဘက် ပြန်လှည့်သွားရော။ ဘာပါလိမ့်ပေါ့လေ။ စဉ်းစားတာ စဉ်းစားလို့ကို မရဘူး။ ဒီကလေးမ ဂေါက်နေသလားပေါ့။ အဲဒါ ကားအောက်ရောက်မှ သိတော့တယ်။ ချိုင်းထောက်က ခုံနှစ်လုံးကြား ထားတာကိုး။ သူက ကျွန်တော့်ဖက် ကျောပေးအိပ်တဲ့အခါကျတော့ ချိုင်းထောက်လက်ကိုင်က သူ့ဖင်ကို ထောက်နေမိတာကိုး။ ပြဿနာရှာမယ် ကြည့်တော့ ကျွန်တော်က ထိုင်ခုံနောက်မှီပြီး အိပ်နေတာလေ။ လမ်းကြောင်းက တခြားစီကိုး။ အောက်ငုံ့ကြည့်တော့ သူ့ဖင်ဘက် အစွန်းထွက်နေတဲ့ ချိုင်းထောက်လက်ကိုင်မြင်မှ ဟိဆို ရယ်သွားတာကိုးဗျ။ ကြည့်စမ်း၊ လူက နေပေမယ့် ချိုင်းထောက်က မနေဘူးရယ်။
အဲဒါ နောက်ကျတော့ အဝေးပြေးကားလက်မှတ်ဖြတ်မယ်ဆိုရင် ဂိတ်စာရေးကို ယောက်ျားလေးနဲ့ အတူတူပေးဆို ဖြတ်ရတယ်။ ကြာတော့ ဂိတ်စာရေးမကတောင် နောက်တယ်။ ခင်ဗျား ပုန်းနေတာလားတဲ့။ ယောက်ျားလေးနဲ့ကျတော့ တစ်ယောက်ပေါင် တစ်ယောက် ထပ်အိပ်လည်း အေးဆေးပဲ။ ဖင်ချင်းပေါက်အိပ်လည်း အေးဆေးပဲ။ ကျွန်တော်ရော ကျွန်တော့်ချိုင်းထောက်အတွက်ရော အန္တရာယ်ကင်းတယ်လေ။