အလှအပဆိုင်ရာ အမှားအယွင်းတွေ လုပ်မိနေပြီလား
23 September, 2019
နန်းသဇင်
ကိုယ့်ကိုယ်ကိုယ် လှပလာအောင် ပြုလုပ်မိတဲ့ တချို့အရာတွေဟာ ကိုယ်က မှန်တယ်ထင်လို့ လုပ်နေပေမယ့် တကယ်တမ်းမှာ မှားယွင်းစွာ လုပ်မိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အလှအပနဲ့ပတ်သက်ပြီး ဘယ်လိုအမှားတွေကို ပြုလုပ်မိတတ်ကြလဲဆိုတာကို ကြည့်လိုက်ရအောင်ပါ။
ပျော့ဆေးကို ခေါင်းလျှော်ရည်လိုမျိုး သုံးမိနေတာ
အမှန်တော့ ပျော့ဆေး (conditioner) ဆိုတာ ဆံပင်ပျက်စီးတာ၊ ခြောက်သွေ့ကြမ်းတမ်းတာ၊ နှစ်ခွဖြစ်တာတွေအတွက် ဆံပင်ရဲ့အဖျားတွေမှာပဲ သုံးရတာပါ။ ခေါင်းလျှော်ရည်သုံးသလို တစ်ခေါင်းလုံးကို သုတ်လိမ်းပြီး သုံးရတာမျိုး မဟုတ်ပါဘူး။ ဆံသားခြောက်တာ၊ ကြမ်းတာတွေ မဖြစ်အောင် ခေါင်း ခဏခဏ မလျှော်သင့်ပါဘူး။ ဒါပေမဲ့ ခေါင်းလျှော်တိုင်းတော့ conditioner ကို သုံးဖို့ မမေ့ပါနဲ့။
အစိုဓာတ်ထိန်းခရင်မ် မခြောက်ခင် မိတ်ကပ်လိမ်းတာ
အောက်ခံအနေနဲ့ လိမ်းရတဲ့ အစိုဓာတ်ထိန်းခရင်မ် မခြောက်သေးခင်၊ အသားထဲကို စိမ့်မဝင်ခင်မှာ အပေါ်ကနေ မိတ်ကပ်ကို ထပ်လိမ်းလိုက်တာကြောင့် မိတ်ကပ်သားပါးတာနဲ့ မိတ်ကပ်သားမညီတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ် လိမ်းပြီး စက္ကန့် ၆၀ လောက်ကြာမှ အောက်ခံမိတ်ကပ်ကို လိမ်းပါ။ မိတ်ကပ်ကြောင့် အသားခြောက်သွေ့တာမဖြစ်အောင် အောက်ခံအစိုဓာတ်ထိန်းခရင်မ်ကို မဖြစ်မနေ လိမ်းပေးဖို့ လိုပါတယ်။
အဝတ်အစားဝတ်ပြီးမှ ရေမွှေးဆွတ်တာ
အလုပ်သွားခါနီး၊ အပြင်ထွက်ခါနီးအချိန်တွေမှာ ဝတ်စားပြီးမှ ရေမွှေးဆွတ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အထည်တွေက ရေမွှေးနံ့ကို ပြောင်းပစ်လိုက်နိုင်ပါတယ်။ အဲဒီ့အပြင် အဝတ်အစားတွေ စွန်းထင်းတာနဲ့ ကွက်တာတွေကို ဖြစ်စေပါတယ်။ ရေမွှေးဆိုတာ အသားမှာ တိုက်ရိုက်ဆွတ်မှသာ သူ့ရဲ့ ပင်ကိုအနံ့ပြောင်းမသွားတာပါ။ ဒါကြောင့် ရေမွှေး တစ်နေကုန်ခံအောင် နားနောက်ဘက်နဲ့ လည်တိုင်နေရာတွေကို ဆွတ်ပြီးမှ အဝတ်အစားဝတ်ပါ။
မှန်ကို အနီးကပ်ကြည့်ပြီး မျက်ခုံးမွေးနုတ်တာ
မှန်ကို အနီးကပ်ကြည့်ပြီး မျက်ခုံးမွေးနုတ်တာက မျက်နှာတစ်ခုလုံးနဲ့ မျက်ခုံးနှစ်ဘက်စလုံးကို မမြင်ရတဲ့အတွက် မျက်ခုံးမွေးတွေကို လိုတာထက် ပိုပြီးနုတ်မိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်ခုံးမွေးနုတ်မယ်ဆိုရင် မှန်ကြီးကြီးတစ်ချပ်ကို အလင်းရောင်အားကောင်းတဲ့ နေရာမှာ ထားပါ။ ပြီးရင် နောက်ဘက်ကို ခြေလှမ်း အနည်းငယ်ဆုတ်ပြီး မျက်နှာတစ်ခုလုံး မြင်ရအောင် ကြည့်ပါ။ ဒါမှသာ ဆံပင်ပုံစံ၊ မျက်နှာကျနဲ့လိုက်ဖက်တဲ့ မျက်ခုံးပုံစံကို ရရှိမှာပဲ ဖြစ်ပါတယ်။
Skin care လိမ်းတဲ့အခါ လည်ပင်းကို ချန်ထားခဲ့တာ
နေ့စဉ် လိမ်းနေတဲ့ Skin Care တွေကို မျက်နှာတစ်ခုတည်း ကွက်ပြီး မလိမ်းပါနဲ့။ လည်ပင်းရဲ့ အသားအရေက မျက်နှာအသားအရေထက်ပိုပြီး ပါးတာဖြစ်လို့ အရေးအကြောင်းတွေနဲ့ အသားရောင်မညီတာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ်ကို လိမ်းတဲ့အခါ မျက်နှာသာမက လည်ပင်းအရှေ့အနောက်နဲ့ ရင်ဘတ်နေရာတွေကိုပါ လိမ်းပေးပါ။
အစိုဓာတ်ခရင်မ်ကို လိမ်းပြီး မျက်ကွင်းညိုတာကို ကုသပါ
ငန်လွန်းတဲ့ အစားအသောက်တွေကို စားတဲ့ စားသောက်မှုပုံစံကြောင့်ပဲဖြစ်ဖြစ် တခြားအကြောင်း တွေကြောင့်ပဲ ဖြစ်ဖြစ် မျက်လုံးနားတစ်ဝိုက်မှာ အရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကို Eye Cream လိမ်းပြီး ကုသလို့ မရနိုင်ပါဘူး။ အစိုဓာတ်ထိန်းခရင်မ်ကသာ မျက်လုံးနားတစ်ဝိုက်မှာလိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးပြီး ကုသပေးနိုင်တာပါ။ အလက်ဂျစ်လို ယားယံနီရဲတာကြောင့် မဟုတ်ဘဲ မျက်အိတ်ဖောင်းတာမျိုးဆိုရင်တော့ ရေခဲကို ၁၀ မိနစ်လောက် ကပ်ပေးလိုက်တာနဲ့ သက်သာစေနိုင်ပါတယ်။ အလက်ဂျစ်ရှိလို့ ဖြစ်တာမျိုးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
အလှအပရေးရာတွေနဲ့ပတ်သက်ပြီး အမှတ်မထင် ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တွေကို ဆက်လက်ရေးသားဖော်ပြသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။