You can also download android application here.
Free Download ×

မျက်ခုံးမွေးထူထူလေးနဲ့ လှစေချင်

မျက်ခုံးမွေးထူထူလေးနဲ့ လှစေချင်

23 September, 2019

နန်းသဇင်

            မျက်ခုံးလေးတွေ လှပစေဖို့ မွေးညှပ်သုံးပြီး မျက်ခုံးမွေးနှုတ်တာ၊ ဖယောင်းသုံးပြီး မျက်ခုံးမွေးနှုတ်တာတွေဟာ မျက်ခုံးမွေးကိုသာမက မျက်ခုံးမှာရှိတဲ့ မွေးညင်းပေါက်လေးတွေနဲ့ မျက်ခုံးအရေပြား ကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ အဲဒီလို မဖြစ်စေဘဲ မျက်ခုံးမွေးတွေ သဘာဝအတိုင်း ထူလာအောင် အိမ်တွင်းနည်းလေးတွေနဲ့ ပြုလုပ်လို့ရပါတယ်။ ဒီနည်းလမ်းလေးတွေကို မျက်ခုံးထူထူလေးနဲ့ လှချင်တဲ့ ပျိုမေတို့အတွက် ရေးသား ပေးလိုက်ပါတယ်။

မျက်ခုံးတစ်ဝိုက် နှိပ်ပေးပါ

            မျက်ခုံးမွေးထူထူလေးနဲ့ လှချင်တယ်ဆိုရင်တော့ မျက်ခုံးတစ်ဝိုက်ကို နှိပ်နယ်ပေးဖို့နဲ့ ခေါင်းဖြီးသလို မျက်ခုံးမွေးကို ဖြီးသင်ပေးဖို့ လိုပါတယ်။ ဒါမှသာ မျက်ခုံးမှာ ရှိတဲ့ သွေးကြောလေးတွေ လည်ပတ်မှု ကောင်းမွန်ပြီး မျက်ခုံးမွေးတွေ မြန်မြန် ရှည်ထွက်လာစေမှာ ဖြစ်ပါတယ်။ ညအိပ်ချိန်မှာ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို မျက်ခုံးမှာ လိမ်းပေးပြီး  ၁၀ မိနစ်ခန့် ကြာအောင် နှိပ်ပေးသင့်ပါတယ်။ ဒီလိုမျိုး နေ့တိုင်း ပြုလုပ် ပေးရမှာပါ။

သကြားဆီ သုံးပါ

            သကြားဆီကို လက်ချောင်း ဒါမှမဟုတ် ဂွမ်းစဖတ်လေးနဲ့ ယူပြီး မျက်ခုံးမွေးနှစ်ဘက်လုံးမှာ သုတ်လိမ်း ပေးပါ။ ပြီးရင် လေး မိနစ်ခန့် နှိပ်ပေးပါ။ နှိပ်ပြီး နာရီဝက်၊ တစ်နာရီကြာတဲ့အခါမှာ ကြက်သီးနွေး ရေလေးနဲ့ သကြား ရည်ကို ဆေးချလိုက်ပါ။ တစ်ရက်မှာ အနည်းဆုံး တစ်ကြိမ် ပြုလုပ်ပေးတာကြောင့် သိသာတဲ့ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်သုံးပါ

            ရှားစောင်းလက်ပပ်အနှစ်သားကို မျက်ခုံးမှာ လိမ်းပေးပါ။ အေးမြတဲ့အာနိသင်က မျက်ခုံးမွေးတွေ အရှည်မြန်စေဖို့ အကူအညီပေးပါတယ်။ လိမ်းပြီး နာရီဝက် လောက်ထားပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။

ကြက်သွန်နီ သုံးပါ

            ကြက်သွန်နီတစ်လုံးကို ကြိတ်ချေပြီး အရည်ညှစ်ပါ။ ရလာတဲ့အရည်ကို ဂွမ်းလုံးလေးနဲ့ ယူပြီး မျက်ခုံးမှာ သုတ်လိမ်းပေးပါ။ ကြက်သွန်နီက အနံ့ပြင်းတယ်ဆိုပေမယ့် မျက်ခုံးမွေးတွေကို နက်မှောင်သန်စွမ်းစေပြီး တောက်ပြောင်လာအောင် ပြုလုပ်ပေးနိုင်တဲ့အာနိသင် ရှိပါတယ်။ လိမ်းပြီး ငါး နာရီကြာမှ ရေဆေးပေးပါ။

နွားနို့ သုံးပါ

            နွားနို့ကို အလှအပဆိုင်ရာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုကြပါတယ်။ နွားနို့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေက မျက်ခုံးမွေးကို အရှည်မြန်အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။ မကျိုချက်ရသေးတဲ့ နွားနို့ကို ဂွမ်းစလေးနဲ့ ယူပြီး မျက်ခုံးကို သုတ်လိမ်းကာ နှိပ်နယ်ပေးပါ။ ခြောက်သွေ့သွားတဲ့အထိထားပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်နေ့ တစ်ကြိမ်ပြုလုပ်ပေးခြင်းဖြင့် စိတ်ကျေနပ်စရာ ရလဒ်ကို ရလာပါလိမ့်မယ်။

ရေများများသောက်ပါ။

ရေသောက်တာက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ထုတ်ပေးနိုင်လို့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ရှစ် ခွက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို တိုးမြင့်ပေးနိုင်ပြီး ဆံပင်နဲ့ မျက်ခုံးမွေးတွေ ရှင်သန်ကြီးထွားစေဖို့ကိုလည်း အထောက်အကူပြုစေပါတယ်။

            သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်လို့ရမယ့် အလှအပရေးရာ အိမ်တွင်းနည်းလမ်းတွေကို ဆက်လက် ရေးသားဖော်ပြသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။


Comment Loading....