ပြီးပြည့်စုံတဲ့ ဝတ်စားဆင်ယင်မှုဖြစ်စေဖို့ ရှောင်ကြဉ်ရမယ့် အလွဲအမှားများ
22 September, 2019
ရဲဦး
“မိန်းကလေးတစ်ယောက် အဝတ်အစားကို မသပ်မရပ်နဲ့ ဖြစ်ကတတ်ဆန်း ဝတ်ကြည့်ပါ။ အဲဒီလိုဝတ်ထားတဲ့ပုံစံကို သူတို့မှတ်မိနေပါလိမ့်မယ်။ ဒါပေမဲ့ ကြော့ကြော့မော့မော့လေး ဝတ်စားကြည့်လိုက်စမ်းပါ။ အဲဒီမိန်းကလေးကို သူတို့စွဲလမ်းသွားလိမ့်မယ်” လို့ ပြင်သစ်ဒီဇိုင်နာ ကိုကိုခန်နေးက ပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အားလုံးက သူ့ရဲ့ပြောဆိုချက်ကို သဘောတူလက်ခံကြပါတယ်။ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုက သူ့ရဲ့ပုံရိပ်ကို အများကြီးလွှမ်းမိုးမှု ရှိပါတယ်။ ကိုယ်နဲ့ တစ်ခါမှ မတွေ့ဖူးသေးတဲ့သူနဲ့ ပထမဆုံးတွေ့တဲ့အချိန်မှာ ဘယ်လိုအပြစ်အနာအဆာမျိုးကိုမဆို မြင်တတ် သတိထားတတ်ကြပါတယ်။ အဲဒါကြောင့် ရုပ်မလှပေမယ့် ဝတ်တတ်စားတတ်ရင် လူတိုင်း ချစ်တယ်ဆိုတဲ့စကား ရှိနေတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိစေပါတယ်။
လူအများစုက ဝတ်စားဆင်ယင်ရာမှာ သူတို့ကိုယ်တိုင် သတိမထားမိတဲ့ အလွဲအမှားလေးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီအလွဲအမှားလေးတွေက ဆိုးရွားတာမျိုးမဟုတ်ပေမယ့် ပြီးပြည့်စုံတဲ့ အသွင်အပြင်ကိုတော့ ထိခိုက်မှုရှိစေပါတယ်။ အဲဒါကြောင့် အဝတ်အစားဝတ်ရာမှာ သတိမထားမိတတ်တဲ့ အလွဲအမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒီအလွဲအမှားလေးတွေကို ရှောင်ကြဉ်ပြီး ဝတ်ဆင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက အမြဲတမ်း ပြီးပြည့်စုံပြီး စမတ်ကျ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။
(၁) ဂျာကင်အင်္ကျီရဲ့ ကြယ်သီးသုံးလုံးအနက် အလယ်မှာရှိတဲ့ကြယ်သီးကို ကျွန်တော်တို့ အမြဲတမ်း တပ်ထားရပါမယ်။ အပေါ်ဆုံးက ကြယ်သီးကိုတော့ တပ်ချင်တဲ့အခါ တပ်လို့ရသလို မတပ်ချင်လည်း မတပ်ဘဲနေလို့ ရပါတယ်။ အောက်ဆုံးက ကြယ်သီးကတော့ ဘယ်တော့မှ မတပ်ရတဲ့ ကြယ်သီးဖြစ်ပါတယ်။
(၂) အမျိုးသမီးတွေ ရှပ်အင်္ကျီဝတ်တဲ့အခါ သို့မဟုတ် ဘလောက်စ်အင်္ကျီဝတ်တဲ့အခါမှာ ရင်ဘက်က ကြယ်သီးကို နှစ်လုံးထက်ပိုပြီး ဖြုတ်မထားသင့်ပါဘူး။ တစ်လုံး သို့မဟုတ် နှစ်လုံးအထိပဲ အများဆုံး ဖြုတ်ထားချင် ဖြုတ်ထားလို့ရပါတယ်။
(၃) နားဆွဲ သို့မဟုတ် နားကပ်ပန်ထားတဲ့အချိန်ဆို လက်ကောက်လေး သီးသန့်ပဲ ဝတ်ထားသင့်ပါတယ်။ ဆွဲကြိုးတစ်ကုံးဆွဲထားတဲ့အချိန်ဆိုလည်း လက်စွပ်လေးတစ်ကွင်းလောက်ပဲ ဝတ်ထားသင့်ပါတယ်။ တစ်ပြိုင်တည်း သုံးလေးမျိုးစလုံး ဝတ်ဆင်ထားတာက မျက်စိအမြင်ကို ရှုပ်စေပြီး ရှင်းလင်းလှပမှုမရှိစေပါဘူး။
(၄) အမျိုးသားတွေ နက်ကတိုင်စည်းတဲ့အခါမှာ နက်ကတိုင်ရဲ့အဖျားက ကိုယ့်ရဲ့ခါးအထိ ရောက်နေသင့်ပါတယ်။ ခါးကို ကျော်သွားတာမျိုး ခါးအထိ မရောက်တာမျိုး မဖြစ်သင့်ပါဘူး။
(၅) အမျိုးသမီးတွေ စကပ်အတိုအင်္ကျီဝတ်မယ်ဆိုရင် ရင်ဘတ်နေရာကို အကျယ်ကြီး မဟထားသင့်ပါဘူး။ ရင်စိလေးပဲ ထားသင့်ပါတယ်။ ဂါဝန်ဝတ်တဲ့အခါမျိုးမှာမှ ရင်ဘတ်နေရာကျယ်တဲ့ဂါဝန်လေးက ဆွဲဆောင်မှုရှိတာ ဖြစ်ပါတယ်။
(၆) အမျိုးသားတွေအနေနဲ့ အပေါ်က ဂျာကင်အင်္ကျီမပါဘဲ ရှပ်အင်္ကျီပဲ ဝတ်မယ်ဆိုရင်တော့ နက်ကတိုင်မစည်းထားသင့်ပါဘူး။ ဂျာကင်ပါမှပဲ နက်ကတိုင်စည်းသင့်ပါတယ်။
(၇) အမျိုးသားတွေအနေနဲ့ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်မယ်ဆိုရင်တော့ ခါးပတ်ဝတ်ဖို့ လိုပါတယ်။
(၈) အမျိုးသမီးတွေ သိုးမွေးဆွယ်တာအင်္ကျီဝတ်မယ်ဆိုရင် ဂျင်းဘောင်းဘီနဲ့ အင်္ကျီကြားမှာ အသား ပေါ်မနေသင့်ပါဘူး။ အောက်ခံတစ်ထပ် ဝတ်ထားသင့်ပါတယ်။
(၉) အမျိုးသားတွေ ခါးပတ်ဝတ်တဲ့အခါ ဝတ်ထားတဲ့ရှုးဖိနပ်နဲ့ အရောင်တူခါးပတ်ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
(၁၀) အဝတ်အစားပေါ်က တံဆိပ်တွေ စာတန်းတွေကို မမြင်အောင် ဖုံးထားသင့်ပါတယ်။
(၁၁) အမျိုးသမီးတွေအနေနဲ့ အပွင့်ပါတဲ့အဝတ်အထည်တွေ ဝတ်ဆင်တဲ့အခါ အဝတ်အစားအရောင်နဲ့ လုံးဝကွဲပြားနေတဲ့ အရောင်စူးစူး အပွင့်တွေပါတဲ့ အင်္ကျီ၊ ဂါဝန် နဲ့ ထဘီတွေကို မဝတ်ဆင်သင့်ပါဘူး။ အဝတ်အစားအရောင်နဲ့ သိပ်ပြီးကွဲပြားမှုမရှိတဲ့ အပွင့်တွေပါတဲ့အထည်ကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
(၁၂) အမျိုးသားတွေအနေနဲ့ ထိုင်ခုံမှာ ထိုင်လိုက်တဲ့အခါ ဘောင်းဘီက အပေါ်ဘက်ကို အနည်းငယ် တက်သွားလို့ ခြေထောက်ပေါ်သွားစေမယ့် ခြေအိတ်တိုလေးတွေကို မဝတ်ဆင်သင့်ပါဘူး။ ဘောင်းဘီအပေါ်တက်သွားတာတောင် ခြေထောက်မပေါ်မယ့် ခြေအိတ်ရှည်တွေကို ဝတ်ဆင်သင့်ပါတယ်။