ဂျင်းဘောင်းဘီအဖြူကို ယုံကြည်မှုရှိရှိနဲ့ ဘယ်လိုဝတ်မလဲ
22 September, 2019
ရဲဦး
ဆောင်းရာသီနဲ့ နွေရာသီမှာ ဂျင်းဘောင်းဘီအဖြူလေး ဝတ်ပြီး အပြင်ထွက်ရတာ အရမ်းမိုက်ပါတယ်။ အမျိုးသမီးအများစုမှာ ဂျင်းဘောင်းဘီအဖြူတွေနဲ့ ချစ်မုန်းသံယောဇဉ်လေးတွေ ရှိတတ်ကြပါတယ်။ တကယ်တော့ ဂျင်းဘောင်းဘီအဖြူတွေက ဘယ်လိုအင်္ကျီမျိုးနဲ့မဆို လိုက်ဖက်လှပါတယ်။ ဒါပေမဲ့ ဂျင်းဘောင်းဘီအဖြူဝတ်လိုက်ရင် အမျိုးသမီးတွေ အောက်ပိုင်း ပိုကြီးသွားပြီး ပိုဝသွားသလို မြင်တွေ့ရတယ်ဆိုတဲ့ စကားတွေကြောင့် အမျိုးသမီးအများစုက ဂျင်းဘောင်းဘီအဖြူဝတ်ဆင်ဖို့ မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။
ဒီလိုစကားတွေကို မယုံကြည်သင့်ပါဘူး။ ဂျင်းဘောင်ဘီအဖြူတွေကို ထသွားထလာအဖြစ် ဝတ်ဆင်သင့်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘယ်လိုခန္ဓာကိုယ်အမျိုးအစားမဆို ဂျင်းဘောင်းဘီအဖြူကို ဝတ်ဆင်လို့ရပါတယ်။ ဂျင်းဘောင်းဘီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲဆိုတာရယ် ဘယ်လိုဝတ်ဆင်ရမလဲ ဆိုတာရယ်ကိုသာသိရင် ဂျင်းဘောင်းဘီအဖြူကို ယုံကြည်မှုအပြည့်နဲ့ ဝတ်ဆင်သွားလာနိုင်ပြီဖြစ်ပါတယ်။
ဂျင်းဘောင်းဘီအဖြူရဲ့ အကောင်းဆုံးအားသာချက်ကတော့ ဂျင်းဘောင်းဘီအပြာနဲ့ အမည်းရောင်တွေလိုပဲ ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်လွန်းလှတာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအဖြူကို လက်ရှည်အင်္ကျီလေးတွေ၊ ဂျာကင်လေးတွေနဲ့ လိုက်ဖက်စွာ ဝတ်ဆင်နိုင်သလို ကိုယ်ကြိုက်နှစ်သက်တဲ့ ဘယ်လိုအင်္ကျီမျိုးနဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
ဂျင်းဘောင်းဘီအဖြူဝတ်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ဘောင်းဘီဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဈေးကြီးတာမျိုး ဝယ်ဝတ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ဂျင်းဘောင်းဘီအသားက ဆွဲအားကောင်းကာ ခိုင်ခံ့ဖို့ လိုအပ်ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ သက်သောင့်သက်သာဝတ်ဆင်နိုင်တဲ့ အရွယ်အစားကို ရွေးချယ်ဝယ်ယူတတ်ဖို့ လိုပါတယ်။
ဂျင်းဘောင်းဘီအဖြူကို ဒီအတိုင်း ဝတ်ဖို့ ယုံကြည်မှုမရှိသေးဘူးဆိုရင် ဘောင်းဘီအောက်မှာ အသားကပ်ဘောင်းဘီတစ်ထည် ခံဝတ်လို့ရပါတယ်။ ကိုယ် သက်သောင့်သက်သာရှိစေမယ့် အသားကပ်ဘောင်းဘီတစ်ထည်ကို အောက်မှာ ခံဝတ်တာက ဂျင်းဘောင်းဘီအဖြူဝတ်တဲ့အခါ ပိုမိုပုံကျလှပတယ်လို့ ခံစားရစေပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိနေစေမှာ ဖြစ်ပါတယ်။
လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှု ဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ လွဲမှားစွာ တွဲဖက်ဝတ်ဆင်မိနေတတ်တဲ့ ဖက်ရှင်တွေအကြောင်းကို ဆက်လက်ရေးသားဖော်ပြသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။