You can also download android application here.
Free Download ×

ပိတောက်ပန်းနဲ့ ကောင်းခြင်းမင်္ဂလာ. . .

ပိတောက်ပန်းနဲ့ ကောင်းခြင်းမင်္ဂလာ. . .

03 April, 2023

YAY

ပိတောက်ပန်းနှင့် ကောင်းခြင်းမင်္ဂလာ. . .

              မြန်မာနိုင်ငံမှာ ရာသီဥတုသိသိသာသာကြီး ပူလာပြီဆိုတာနဲ့ ဧပြီလကို စတင်ချဥ်းကပ်လာပြီဆိုတာ သတိထားမိပါပြီ။ ရေသဘင်ပွဲဆင်နွှဲဖို့၊ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ စတင်တာစူလာကြပါပြီ။ ဝန်ထမ်းတွေ ပိတ်ရက်ရှည်ရှည်ပိတ်မှာဖြစ်တဲ့အတွက် စိတ်ထဲမှာ လုပ်စရာတွေ အစီအရီ၊ ဒီလိုအချိန်မှာ မပါမဖြစ်ဇာတ်လိုက် ကတော့ ပိတောက်တွေပါပဲလေ။ ပိတောက်ပင် သေးသေး၊ ကြီးကြီး အဖူးလေးတွေ တစို့စို့နဲ့ သင်္ကြန်မိုးကို စောင့်လေပြီ။ မိုးရေပတ်ဖြန်းပြီးချိန်မှာတော့ အဝါရောင် အလှဘုရားလေးတွေ အပြိုင်အဆိုင် စပွင့်လေပြီပေါ့။ လေတိုက်လိုက်တိုင်း သင်းထုံတဲ့ရနံ့နဲ့ မြေပြင်ပေါ်တလွှင့်လွှင့်ကျလာတာများ အလွန်တရား လှလွန်းပါတယ်။  မြေခသွားတဲ့အခါမှာလည်း နင်းရက်စရာမရှိ လှပနေဆဲ…။ အရာရာတိုင်းဟာ အမြဲပြောင်းလဲနေပေမယ့်  ပိတောက်ပန်းကတော့ နှစ်တိုင်း တန်းခူးလမှာပဲ ပွင့်တယ်လေ။ ပိတောက်ပန်းရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အခေါ် အဝေါ်က Pterocarpus macrocarpus လို့ခေါ်ပါတယ်။

              လိမ္မော်ရောင် ဒါမှမဟုတ် အဝါရောင် အစုတ်လိုက်ပွင့်ပြီး ပင်ယံထက်မှာ ကပြတတ်တဲ့ပိတောက်ပန်းကို သင်္ကြန်ရောက်ပြီဆိုတာနဲ့   ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဆပ်ကပ်ကြတယ်၊ ဦးခေါင်း၊ လည်တိုင်တို့မှာ အမြတ်တနိုး ပန်ဆင်ကြတယ်။  ပိတောက်ပန်းဟာ  ကြီးမားတဲ့စွမ်းအင်နဲ့ ကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ အဝါရောင်နတ်သမီးရဲ့  တင့်တယ်တဲ့သင်္ကေတဖြစ်တယ်လို့ ရှေးလူကြီးတွေကဆိုပါတယ်။ သစ်ပင်ဟာ ခွန်အားကို ကိုယ်စားပြုပြီး ပန်းဆိုတာက နုပျိုခြင်းကို ကိုယ်စားပြုပါတယ်။ မွေးကြိုင်တဲ့ရနံ့ကတော့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ပိတောက်ပန်းကို ချစ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့ မပြောင်းလဲတဲ့ သင်္ကေတ အဖြစ်မှတ်ယူကြပါတယ်။ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်ဆိုပြီး သစ္စာတရားကို ပိတောက်ပန်းနဲ့ခိုင်းနှိုင်းကြသေးတယ်လေ။ ပိတောက်ဆိုတာက တစ်နှစ်မှာ ၂ ခါမှ မပွင့်ဘဲကိုး။  ပြီးတော့ သစ္စာတရားကို လက်ဆုပ်ကိုင်ဖို့ ပိတောက်သားနဲ့ဖန်တီးပြီး လက်စွပ်လုပ်ဝတ်ကြသေးတယ်။ တန်ဖိုးကြီး ရွှေငွေတွေထက် ပိတောက်ရဲ့သစ္စာက ပိုလွန်တာမို့ သစ္စာတရားကိုတန်ဖိုးထားသူတွေက အမှတ်တရလက်စွပ် တွေကို တကူးတက ပိတောက်သားနဲ့ဖန်တီးကြတာဖြစ်ပါတယ်။

              လေ့လာတွေ့ရှိချက်တွေအရ အရောင်တောက်ပြီး ထူးခြားတဲ့ရနံရှိတဲ့ပန်းတွေဟာ စိတ်ခွန်အားအပြည့်အဝ ပေးတယ်လို့ သိရပါတယ်။ အဝါရောင်ပန်းတွေကို ကြည့်ရတာဟာ အနီရောင်၊ အဖြူရောင်ပန်းတွေကို ကြည့်ရတာ ထက်ပိုပြီးအပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ကို ရစေတယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် အမျိုးသား ကျန်းမာရေးတက္ကသိုလ်များအဖွဲ့က ပြောပါတယ်။ တန်ခူးလမှာပွင့်တဲ့ ပိတောက်ပန်းတွေဟာ အရောင်အားဖြင့် ရွှေဝါရောင်ဝင်းနေပြီး ရနံ့ကလည်း အင်မတန်မွှေးပျံ့တာကြောင့် ပိတောက်တွေပွင့်တဲ့အချိန်မှာ ပွေ့ဖက်လို့ဖြစ်စေ၊ အလှပန်းအိုးထိုးလို့ဖြစ်စေ၊ ပန်းပိတောက်တို့ကြွေရာလမ်းမှာ လမ်းလျှောက်လို့ဖြစ်စေ မွှေးရနံ့ကို တစ်ဝကြီးရှူရှိုက်ပြီး စိတ်ကြည်နူးမှုကို ရယူလိုက်ပါ။

              ရွှေဝါရောင်ပိတောက်ပန်းတွေဟာ တစ်နှစ်တာပတ်လုံးမှာ မွန်းကြပ်ပိတ်လှောင်နေတဲ့ သင့်စိတ်တွေကို ဖြေလျော့စေနိုင်တယ်လို့ သိပ္ပံနည်းကျလေ့လာတွေ့ရှိထားတဲ့ အဝါရောင်ပန်းဖြစ်တဲ့အတွက် စမ်းသပ်ကြည့်နိုင်ဖို့ ဗျို့  Lifestyle ကနေ အကြံပေးဖော်ပြလိုက်ရပါတယ်။

-YAY


Comment Loading....