ဘယ်လိုလူလဲ
11 November, 2022
YAY
သမီးလုပ်သူဟာ သူမဘဝမှာ စိတ်မသက်မသာဖြစ်စရာတွေ အမြဲကြုံနေရပြီးတော့ "တစ်ခုဖြေရှင်းလို့ ပြီးရုံနဲ့ နောက်တစ်ခုက အဆင်သင့်ဖြစ်နေတာ... ကြာလာတော့ စိတ်ပျက်လာပြီ" လို့ သူမအဖေကို ညည်းညူ ပြောနေပါတယ်။ သူမအဖေက စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သူ့သမီးစကားကို ကြားတဲ့အခါ မီးဖိုဆောင်ထဲ ခေါ်သွားပါတော့တယ်။ ပြီးတော့ အိုး ၃ အိုးကို ရေအညီအမျှ ဖြည့်ပြီး မီးပြင်းပြင်းနဲ့ တည်လိုက်ပါတယ်။
မကြာခင်မှာပဲ အိုးထဲက ရေတွေက ဆူပွက်လာပါတော့တယ်။ ပထမအိုးထဲမှာ အာလူးတွေကို ထည့်လိုက်ပါတယ်။ ဒုတိယအိုးထဲမှာ ကြက်ဥတွေကို ထည့်ပြီး တတိယအိုးထဲမှာတော့ ကော်ဖီစေ့တွေကို ထည့်လိုက်ပါတယ်။ ပြီးတော့ ထိုင်ချလိုက်ပြီး အိုးထဲကရေတွေ ပြန်လည်ဆူပွက်လာချိန်ကို စောင့်ပါတယ်။ ဘာစကားမှလည်းမပြောတော့ သမီးလုပ်သူက ကြောင်အမ်းအမ်းနဲ့ သူ့အဖေကို လိုက်ကြည့်နေရတယ်။ မိနစ် ၂၀ လောက်ကြာတော့ အိုးထဲက ရေတွေဟာ တစ်ဖန်ဆူပွက်လာပြန်တယ်။ အဲဒီအချိန်မှာ မီးဖိုကို ပိတ်ပြီး ပထမအိုးထဲက အာလူး၊ ဒုတိယအိုးထဲက ကြက်ဥကို ဆယ်ကာ ပန်းကန်လုံးထဲထည့်ပါတယ်။ ပြီးတော့ ကော်ဖီစေ့ထည့်ထားတဲ့ တတိယအိုးထဲက ကော်ဖီရည်တွေကို ခွက်ထဲထည့်ပါတယ်။
ပြီးတော့မှ သူမ ဘက်လှည့်ပြီး ...
"သမီးလေး ဘာကိုမြင်သလဲ"
"အာလူး၊ ကြက်ဥ နဲ့ ကော်ဖီပေါ့"
'' သေချာကပ်ကြည့်ပြီး အာလူးကို တို့ကြည့်လိုက်ပါဦး''
သမီးလုပ်သူက သေချာလေးထိတို့ကြည့်ပြီး ... "ပျော့အိနေတာပဲ" လို့ဆိုပါတယ်။
ဖခင်က ကြက်ဥကို ယူ၊ အခွံခွာလိုက်ပြီး သမီးကို မေးပြန်ပါတယ်။
"ဘာတွေ့လဲ"
"အခွံနဲ့တုန်းက မာနေပြီး ခွာလိုက်တော့ နူးအိနေတာပဲနော်" လို့ မှတ်ချက်ပေးပါတယ်။
နောက်ဆုံးမှာ ကော်ဖီခွက်ကို ပေးပြီး နည်းနည်းသောက်ခိုင်းပါတယ်။ သမီးလုပ်သူကလည်း ဖခင်ခိုင်းတဲ့အတိုင်း တစ်ငုံလောက်သောက်ပြီး ကော်ဖီအရသာကြောင့် မျက်နှာက ဝင်းပသွားပါသေးတယ်။
"အဖေ... အခုလိုတွေ လုပ်ခိုင်းနေတာက ဘာကိုဆိုလိုတာလဲဟင်"
"အာလူး၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေကို တူညီတဲ့ရေ၊ တူညီတဲ့ အပြင်းဆုံးမီးနဲ့ မီးဖိုပေါ်တင်ခဲ့တာပါပဲ။ ရေဆူ လာတဲ့အခါ တစ်ခုချင်းစီမှာ ကွဲပြားသွားတာတွေကို သမီးလည်း သတိထားမိတယ်မဟုတ်လား။ အာလူးက အစတုန်းက မာတယ်။ ရေနွေးဆူဆူနဲ့ တွေ့သွားတော့ ပျော့ပျောင်းနူးညံ့သွားတယ်။ ကြက်ဥကတော့ မပြုတ်ခင်မှာ ကွဲအက်လွယ်တယ်၊ အတွင်းပိုင်းက နူးညံ့တယ်၊ ရေနွေးဆူဆူနဲ့တွေ့သွားတော့ မာသွားတယ်။ ဒါပေမဲ့ ကော်ဖီစေ့ကတော့ ထူးခြားတယ်။ ပွက်ပွက်ဆူနေတဲ့ရေနဲ့လည်းထိရော ရေကို ကော်ဖီရောင်အဖြစ် ပြောင်းလိုက်ပြီး အသစ်အဆန်းတစ်ခုကို သူကိုယ်တိုင်ဖန်တီးနိုင်တယ်။ ပွက်ပွက်ဆူနေတဲ့ရေ၊ အပူရှိန်ပြင်းတဲ့မီး ဆိုတာကို သမီးနေ့စဉ်တွေ့နေတဲ့ ဒုက္ခလို့ မြင်ကြည့်ရအောင်...။ အာလူး၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေကို လူတွေလို့ သဘောထားလိုက်ရင် ဒုက္ခဆိုတဲ့ ရေနွေးဆူဆူ မီးပူပူနဲ့တွေ့တဲ့အခါ အာလူးနဲ့တူတဲ့လူမျိုးက အစကမာကျောသန်မာပေမယ့် ဒုက္ခနဲ့လည်းတွေ့ရော ဖျော့တော့အားနည်းသွားတဲ့သူမျိုး ဖြစ်သွားတယ်။ ကြက်ဥလိုလူကတော့ အစက ပျော့ပြောင်းနူးညံ့ပေမယ့် ဒုက္ခနဲ့လည်းတွေ့ရော ခက်ထန်မာကျောတဲ့ ဒေါသအိုးတွေ ဖြစ်လာတာပေါ့။ ကော်ဖီစေ့လိုလူကတော့ ဒုက္ခနဲ့တူတဲ့ ရေဆူဆူ မီးပူပူနဲ့တွေ့တော့ မူလအရည်အသွေး ကော်ဖီဟာ ပိုမွှေးလာသလို ဒုက္ခမှန်သမျှကို ကိုယ်ဖြစ်ချင်တဲ့ပုံစံ ပြောင်းယူနိုင်တဲ့သူပါပဲ။ ရေနွေးကို ကော်ဖီရောင်အဖြစ်ပြောင်းနိုင်တဲ့ ကော်ဖီစေ့ကသာ ဘဝတိုက်ပွဲမှာ အနိုင်ရသူပဲဖြစ်ပါတယ်။ မီးပြင်းလေ ပိုမွှေးလေပေါ့...။
ဒုက္ခက သမီးဆီလာတဲ့အခါ သမီးက ဘယ်လိုလူလဲ?
အာလူးလိုလူလား ...
ကြက်ဥလိုလူလား ...
ကော်ဖီစေ့လိုလူလား ... ’’ ။
Ref : Struggle of our life, English stories App