ချစ်သူနဲ့အတူ ခရီးသွားပါ
26 October, 2022
သဇင်ဖြူဖြူထွေး
ခရီးအတူသွားတဲ့ စုံတွဲတစ်ထောင်ကို လေ့လာကြည့်တဲ့အခါမှာ ၆၃ ရာခိုင်နှုန်းခန့်က အပြန်အလှန် နားလည်မှုတွေနဲ့ သက်ဆုံးတိုင် ရွှေလက်တွဲခိုင်မြဲသွားကြတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ သမီးရည်းစားဘဝမှာ ချိန်းတွေ့လိုက်၊ မုန့်စားလိုက် လုပ်ရုံနဲ့တော့ တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်သဘောထား အစစ်အမှန်ကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ခရီးအတူသွားလိုက်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ အခက်အခဲနဲ့ ကြုံလာတဲ့အခါ စဉ်းစားချင့်ချိန်နိုင်စွမ်းနဲ့ ရင့်ကျက်မှုတွေ ဒါမှမဟုတ် အားနည်းချက်တွေကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမြင်ရတဲ့အခါမှာ အခြေအနေပေါ်မူတည်ပြီး ကိုယ့်ဘဝအတွက် အဖော်မွန်ကောင်း ဟုတ် မဟုတ်၊ ဦးဆောင်နိုင်တဲ့အရည်အချင်း ရှိ မရှိကို လေ့လာဆန်းစစ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်သူနဲ့ ခရီးအတူသွားသင့်တယ်ဆိုတာကို ခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
ရည်ရွယ်ချက်ပန်းတိုင် တူညီတယ်
ကမ္ဘာကြီးကို အတူမြင်တွေ့ရဖို့ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ တူညီပါတယ်။ စိတ်နေစိတ်ထားတွေ မတူညီကြပေမယ့် ပန်းတိုင်ကို ရောက်ဖို့အတွက် ကွဲလွဲနေတဲ့အမြင်တွေ၊ ယူဆချက်တွေကို ညှိနှိုင်းပြီး အချင်းချင်း နားလည်မှု ရှိရှိနဲ့ ဘဝခရီးလမ်းအရှည်ကြီးကို အတူမသွားရသေးခင် ခရီးတိုလေးတစ်ခု အရင်ထွက်ပြီး စမ်းသပ်ကြည့်တာက လူရွေးမှန်စေမယ့် အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
သည်းခံရမယ့် အတိုင်းအတာကို နားလည်စေတယ်
ခရီးထွက်တယ်ဆိုတာ ကမ္ဘာကြီးကို ကြည့်ဖို့ထက် တစ်ယောက်ကိုတစ်ယောက် လေ့လာဖို့ပါ။ အားနည်းချက်တွေ၊ အားသာချက်တွေကို အချင်းချင်းရှာဖွေတယ်၊ ပြီးရင်တော့ အပြန်အလှန်အားဖြင့် ဘယ်လောက်အတိုင်းအတာအထိ နားလည်လက်ခံပေးရမလဲဆိုတဲ့ သည်းခံနိုင်မှုရေချိန်ကို တွက်ဆနိုင်မှာ ဖြစ်ပါတယ်။
စကားပြောရတာ ပိုကောင်းလာတယ်
လေ့လာမှုတွေအရ ခရီအတူသွားတဲ့စုံတွဲတွေမှာ နားလည်မှုတွေ၊ ကိုယ်ချင်းစာစိတ်တွေနဲ့ သဘောထားတူညီမှုတွေ ပိုပြီးရှိတာကို တွေ့ရတဲ့အတွက် အချင်းချင်းစကားပြောရတာ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ရည်စားဘဝမှာ စကားပြောတာပဲ အထူးအဆန်းမဟုတ်ပါဘူး။ တီတီတာတာလေးတွေ ပြောတဲ့အခါ ပိုလို့တောင် စကားပြောရတာကောင်းတယ်လို့ မတွေးလိုက်ပါနဲ့။ ဒီနေရာမှာ ခဏတာပြောလို့ကောင်းတဲ့ ချစ်ကြည်နူး စကားထက် နေ့စဉ်ဘဝမှာ ဖြစ်သန်းနေရတဲ့ လောကဓံအကြောင်းတွေကို ပြောပြတဲ့အခါ တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က စာနာနားလည်မှုရှိရှိ၊ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနိုင်တဲ့အတွက် စကားပြောရတာ ပိုကောင်းလာတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
အတွေ့အကြုံအသစ်တွေကို အတူတူရနိုင်တယ်
လူတွေက သူတို့ဘဝမှာ ပထမဆုံးအကြိမ် ကြုံတွေ့ရတဲ့ အကြောင်းအရာတွေကို အချိန်တော်တော်ကြာ ဒါမှမဟုတ် တစ်ဘဝလုံးစာ အမှတ်တရ သတိတရ ရှိတတ်ကြပါတယ်။ အတူခရီးထွက်ရင်း ရလာမယ့် အတွေ့အကြုံအသစ်တွေကို အတူတူရယူပြီး တစ်သက်တာ မမေ့နိုင်တဲ့အမှတ်တရတွေ ဖန်တီးလိုက်ပါ။
ဟာသဉာဏ်လေးတွေ အတူကွန့်မြူးမယ်
ခရီးအတူသွားပြီး ပျော်စရာလေးတွေ ဖန်တီးမယ်၊ တစ်ယောက်နဲ့တစ်ယောက် အရွှန်းဖောက်စနောက်ရင်း ဟာသဉာဏ်လေးတွေ ကွန့်မြူးနိုင်ပါတယ်။ အတူရှိနေချိန်တွေမှာ ဟာသလေးတွေပြောရင်း ရယ်မောပျော်ရွှင်ရတာကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ နှစ်သက်စရာအချိန်လေးတွေပါပဲ။ ပုံမှန်တွေ့ဆုံချိန်မှာပြောတဲ့ ဟာသတွေထက် ခရီးစဉ်မှာ ကြုံရတဲ့ ဟာသအလွဲလေးတွေက ပျော်ရွှင်မှုကို ပိုပြီးကြာရှည်စေပါတယ်။ အတူရှိနေချိန်မှာ စိတ်လွတ်လပ်ပေါ့ပါးစွာနဲ့ ရယ်မောပျော်ရွှင်ရတယ်ဆိုတာကလည်း သူနဲ့မခွဲနိုင်တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲ မဟုတ်ပါလား။
အခုဖော်ပြပေးခဲ့တာကတော့ ချစ်သူတွေ ခရီးအတူသွားသင့်တဲ့ အကြောင်းပြချက်များစွာထဲက အချက်တချို့ကို ရေးသားမျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူရည်းစား စတဲ့ ဘယ်လိုပတ်သက်မှုမျိုးမှာမဆို အကြောင်းသိချင်ရင် ခရီးအတူသွားကြည့်ပါ ဆိုတဲ့ စကားလေးလည်း ရှိတယ်မဟုတ်လား။ ဒါကြောင့် ကိုယ်နဲ့ ဘဝခရီးရှည်ကြီးကို အတူသွားနိုင်မယ့် လက်တွဲဖော် ဟုတ်၊ မဟုတ်ကို ခရီးအတိုလေးထွက်ပြီး လေ့လာဆန်းစစ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
Comment Loading....