You can also download android application here.
Free Download ×

ရိုးမြေကျပေါင်းဖက်ချင်လား... ဒါလေးတွေ သတိထား ...

ရိုးမြေကျပေါင်းဖက်ချင်လား... ဒါလေးတွေ သတိထား ...

17 June, 2022

သဇင်ဖြူဖြူထွေး

             အဘိုးအဘွားစုံတွဲတွေ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး လမ်းလျှောက်နေတာ၊ ပန်းခြံထိုင်ခုံ တွေမှာ ထိုင်နေတာ၊ စကားတွေပြောနေကြတာကို မြင်ရတဲ့အခါ စိတ်ထဲမှာ ကြည်နူးပြီး နွေးထွေးလုံခြုံတဲ့ ခံစားချက်လေးဖြစ်လာတယ်မဟုတ်လား။ ပြီးတော့ ဒီလောက် နှစ်ရှည်လများကြာတဲ့အထိ အချစ်တွေ ခိုင်မြဲအောင် ဘယ်လိုအခက်အခဲတွေကို အတူရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတာလဲ ဆိုတာကို တွေးမိကြမှာပါ။ အမှန်တော့ သူတို့ကလည်း ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ပဲ ဘဝကို အတူဖြတ်သန်းလာကြတာပါ၊ အဲ့ဒါအပြင် ဘယ်အရာက အရေးကြီးတယ်၊ ဘယ်အရာကို ဦးစားပေးနေရာမှာ ထားမယ်ဆိုပြီး သိကြသူတွေပေါ့။ တစ်ယောက်အပေါ်တစ်ယောက်   ထားရှိသင့်တဲ့ နားလည်မှုတွေ၊ နာခံမှုတွေ၊ အချင်းချင်းလေးစားမှုတွေနဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ စတာတွေကို မျှဝေခံစားရင်း အချင်းချင်းယုံကြည်မှုတွေ ပေးပြီး ဘဝကို သတ္တိရှိရှိနဲ့ အတူလက်တွဲရင်ဆိုင်လာခဲ့ကြတာပါ။ ဒီလိုမျိုး ကိုယ်ချစ်ရသူနဲ့ ချစ်ချစ်ခင်ခင် ရိုးမြေကျအတူ ပေါင်းဖက်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အချက်လေးတွေကိုလည်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

 

(၁) စကားပြောပါ။

            စကားပြောတယ်ဆိုတာက ချစ်သူအကြား၊ အိမ်ထောင်သည်တွေအကြားမှာ မရှိမဖြစ်လုပ်သင့်တဲ့အရာပါ။ ဒီအချက်ကို အရင်ဆုံးပြောရတဲ့အကြောင်းကတော့ အခုခေတ်မှာ လူတိုင်းက ဖုန်းတစ်လုံး ဒါမှမဟုတ် လက်တော့တစ်လုံးနဲ့ အမြဲပဲ အလုပ်ရှုပ်နေတတ်ကြပါတယ်။ အလုပ်ကပြန်လို့ အိမ်ပြန်ရောက်တော့လည်း ရေမိုးချိုး၊ ထမင်းစားသောက်ပြီးတော့ ဖုန်းကိုယ်စီ၊ တီဗွီကိုယ်စီနဲ့ အလုပ်များနေတာကြောင့် တစ်အိမ်ထဲနေ မိသားစုဝင်အချင်းချင်းတောင် စကားမပြောဖြစ်ကြတော့ပါဘူး။ ဒါကြောင့် စကားပြောပါ၊ တွေ့စ ခင်စ ချစ်စ  ကြင်နာစမှာ အချင်းချင်း စကားတွေရေပက်မဝင်အောင်ပြောပြီး သံယောဇဉ်ဖြစ်လာအောင် အစပျိုးလာခဲ့ကြတာပဲ မဟုတ်လား။ ချစ်သူဖြစ်လာပြီ၊ အိမ်ထောင်ဘက် ဖြစ်လာပါပြီဆိုမှတော့ သူနဲ့ကိုယ်ထက်ပိုပြီး ရင်းနှီးတဲ့သူ မရှိတော့ပါဘူး။ စိတ်အားငယ်နေချိန်၊ သိမ်ငယ်မှုတွေဖြစ်နေချိန်၊ ဝမ်းနည်းစရာတွေနဲ့ ကြုံတဲ့အချိန်တွေမှာ ချစ်သူကိုပြောပြရင်း ရင်ခွင်လေးထဲဝင်ပြီး ငိုလိုက်ရတဲ့ အခိုက်အတန့်က စိတ်ပင်ပန်းစရာပတ်ဝန်းကျင်ကြီးကနေ လုံခြုံအေးချမ်းတဲ့ နေရာလေးတစ်ခုကို ရောက်သွားသလို ကြည်နူးတဲ့ ခံစားချက်လေးကို ခံစားမိစေမှာ အသေအချာပါပဲ။

 

(၂) ရိုးသားပါ၊ ယုံကြည်မှုပေးပါ။

            ရိုးသားမှုတွေ၊ ယုံကြည်မှုတွေမရှိရင် ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အပြန်အလှန် ရိုးသားပြီး ယုံကြည်မှုတွေ ထားရှိတာက ချစ်ခရီးလမ်းကို ပိုမိုဖြောင့်ဖြူးစေမှာပဲ ဖြစ်ပါတယ်။ တချို့ကိစ္စတွေက ပြောလိုက်ရင် စိတ်ဆိုးမှာ၊ စိတ်ကောက်မှာကို ကြောက်လို့ဆိုပြီး မပြောဘဲ မနေပါနဲ့။ သိသွားမှ လိမ်တယ်ဆိုပြီး ပြဿနာက ရှင်းမနိုင်တော့ဘဲ နောင်ဆို ဘာပြောပြော လိမ်တယ်ပဲ အထင်ခံနေရမှာပါ။ အပြင်သွားတာကအစ ဘယ်သူနဲ့သွားမယ်၊ ဘယ်ကိုသွားမယ် ဆိုတာတွေကို ပြောရပါမယ်။ အမြဲတမ်း အစီရင်ခံနေရမှာလားဆိုပြီး မာနကြီးတစ်ခွဲသားနဲ့ ဖြစ်မနေပါနဲ့၊ ဒီလိုတွေလုပ်တယ်ဆိုတာ ကိုယ့်ချစ်သူကို အလေးထားတဲ့သဘော သက်ရောက်သလို သူလည်း ကိုယ့်အပေါ်မှာ စိတ်ချလက်ချထားပြီး ယုံကြည်မှုပေးမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ တဖြည်းဖြည်းချင်းတည်ဆောက်ရတဲ့အရာမျိုး မဟုတ်လား။

 

(၃) ခွင့်လွှတ်ပါ။

            ဘယ်စုံတွဲမှ အမြဲပျော်ရွှင်ပြီး သာယာနေတယ်ဆိုတယ်မရှိပါဘူး။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ မိသားစုကြားထဲမှာပဲဖြစ်ဖြစ်၊ သမီးရည်းစားကြားထဲမှာပဲဖြစ်ဖြစ် အမှားလေးတွေ လုပ်မိတတ်ကြပါတယ်။ တချို့အမှားတွေကို ခွင့်မလွှတ်နိုင်ပေမယ့် တချို့အသေးအမွှားလေးတွေကိုတော့ နားလည်ပြီး ခွင့်လွှတ်ပေးရမှာပဲ။ ချစ်သူနှစ်ဦးမှာ အမှားလုပ်မိတဲ့သူကလည်း ဝန်ခံတောင်းပန်ဖို့ ဝန်မလေးပါနဲ့။

 

(၄) လေးစားပါ၊  တန်ဖိုးထားပြီး အသိအမှတ်ပြုပါ။

            လေးစားမှုတွေ၊ တန်ဖိုးထားမှုတွေ မပါရင် အချစ်လို့ မသတ်မှတ်ပါဘူးတဲ့။ အချင်းချင်း မလေးစားရင် ချစ်တာတွေ၊ ဂရုစိုက်တာတွေ ရှိတော့မှာမဟုတ်ပါဘူး။ လေးစားတယ်၊ တန်ဖိုးထားတယ်ဆိုတာကနေ ဖြစ်လာတဲ့ မြတ်နိုးတဲ့စိတ်ကြောင့် ရေရှည်အတွက်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို ဖြစ်လာစေမှာပါ။ စကားပြောတဲ့အခါ ပေါ့ပေါ့တန်တန်သဘောသက်ရောက်တဲ့ စကားမျိုးမပြောဘဲ သူနဲ့ပတ်သက်ရင် အရာရာကို အလေးအနက် ထားပါတယ်ဆိုတဲ့ စကားလုံးမျိုးကို ရွေးချယ်ပြီး ပြောသင့်ပါတယ်။ ပြီးတော့လည်း ကိုယ့်ရဲ့ ချစ်သူရည်းစားက ဘယ်လိုအနေအထားပဲ ရှိရှိ၊ ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်နေနေ သူနဲ့ ပတ်သက်သမျှ အရာအားလုံးကိုလည်း လေးစားသမှုပြုပြီး တန်ဖိုးထားပေးပါ။ လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီတော့ ရှိကြတာပဲ မဟုတ်လား။

 

(၅) စိတ်ခံစားချက်တွေကို မျှဝေပါ၊ စိတ်ခွန်အားပေးပါ။

            ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ခံစားချက်ကိုယ်စီရှိကြတာပါပဲ။ ယောက်ျားဖြစ်နေလို့ မငိုရဘူး ဆိုပြီး မရှိပါဘူး၊ တစ်ခါတလေတော့လည်း လောကဓံရဲ့ ရိုက်ခတ်မှုတစ်ချို့ကြောင့် ခံစားချက်တွေ ပေါက်ကွဲလာပြီး မျက်ရည်ကျတာလည်း ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မှာ အနားကနေ မျှဝေခံစားပေးပြီး စိတ်ဓာတ်ခွန်အားတွေ ပေးဖို့ အရေးအကြီးဆုံးပါပဲ။ သူခံစားနေရတဲ့အချိန်မှာ အားပေးပြီး အတူရှိနေတာက နောင်လာမယ့် အနာဂတ်တွေမှာ အတူရင်ဆိုင်ကျော်ဖြတ်သွားမယ်ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။

 

(၆) ဟာသတွေ ပြောပေးပါ။

            ကိုယ်ချစ်တဲ့သူ ပြုံးပျော်နေတာကို မြင်ရဖို့က အရေးကြီးတာပဲ မဟုတ်လား။ ကိုယ်ကြုံလာရတဲ့ တစ်နေ့တာ အလွဲတွေ၊ ရယ်စရာအဖြစ်အပျက်လေးတွေ၊ ဖတ်မိတဲ့ဟာသအကြောင်းအရာလေးတွေကို ပြန်ပြောပြလို့ ကိုယ့်ချစ်သူက ရယ်မောပျော်ရွှင်နေတယ်ဆိုရင် ကိုယ်လည်း ပျော်ရတာပဲပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ ချစ်ခရီးသက်တမ်းလေး ပိုပြီး ရှည်ကြာချင်တယ်ဆိုရင် ဟာသတွေပြောပြီး ချုပ်ထားဖို့ လိုပါတယ်။

 

(၇) လုပ်နေကျမဟုတ်တဲ့ အသေးအဖွဲလေးတွေ လုပ်ပြပါ။

            ဘဝမှာ တစ်ချို့အသေးအဖွဲလေးတွေက ဒီတိုင်း မပြီးသွားပါဘူး၊ အမှတ်တရအနေနဲ့ ကျန်ခဲ့တတ် ကြပါတယ်။ ဥပမာ - မိန်းမလုပ်တဲ့သူက နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ပင်ပန်းနေသလို ခံစားရလို့ပဲဖြစ်ဖြစ် မနက်စာ မပြင်ချင်ဘူးဆိုရင် ကိုယ်က သူမနိုးခင်မှာ မနက်စာပြင်ပေးထားတာ၊ သူလုပ်ရမယ့် အိမ်သန့်ရှင်းရေးတွေကို အလိုက်တသိနဲ့ လုပ်ပေးထားတာကြောင့် သူမကို ပျော်ရွှင်စေမှာပဲ ဖြစ်ပါတယ်။ ဒီလို မပြောပလောက်တဲ့ အသေးအဖွဲလေးတွေကပဲ ကြီးမားတဲ့ စိတ်ပျော်ရွှင်မှုကို ရစေမှာပါ။ သူ အလုပ်မှာ ရာထူးတိုးတာ၊ အလုပ်သစ်ရတာတွေဆိုရင်လည်း ဖုန်းလေးတစ်ခါလောက် ခေါ်ပြီး ဂုဏ်ပြုစကားပြောပေးဖို့ မမေ့ပါနဲ့။

 

(၈) စိတ်ဝင်စားစရာအကြောင်းအရာတွေ ပြောပြပေးပါ။

            ဘောလုံးပွဲမှာ ဘယ်အသင်းက နိုင်သွားတယ်ဆိုတာကအစ၊ လူမှုကွန်ရက်မှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်နေတယ်ဆိုတာအဆုံး သူမသိသေးတဲ့ စိတ်ဝင်စားစရာအကြောင်းလေးတွေကို ပြောပြပါ။ ပုံမှန်ပြောနေကျ စကားတွေထက် ဒီလိုစိတ်ဝင်စားစရာအကြောင်းတွေပြောနေရင် သူမသိတာတွေကို ပြန်ဖြေပေးရာကတစ်ဆင့်  ရင်းနှီးတဲ့ခံစားချက်ကို ခံစားမိစေမှာပဲ ဖြစ်ပါတယ်။  

 

(၉) အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုပါ။

            ကြိုးစားအားထုတ်မှုတွေ အောင်မြင်လာတဲ့အခါ ထပ်တူခံစားပြီး ချီးကျူးဂုဏ်ပြုပေးပါ။ နိုဘယ်လ် ဆုရတာကနေစပြီး Gym မှာ အဆင့်တက်လာတယ်၊ စံချိန်မှီလို့ အသိအမှတ်ပြုခံရတယ်ဆိုတာအဆုံး ဘယ်လို အောင်မြင်မှုမျိုးမဆို ချီးကျူးစကားပြောပေးပါ၊ မင်းအတွက် ဂုဏ်ယူတယ်ဆိုပြီး ပြောပေးပါ။ အောင်မြင်မှု အတိုင်းအတာအရ ဂုဏ်ပြုပွဲလုပ်ပေးဖို့၊ လက်ဆောင်ဝယ်ပေးဖို့ကိုလည်း မမေ့ပါနဲ့။ ဒီလိုပြုလုပ်ပေးတာကြောင့် နှစ်ဦးကြားမှာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

 

(၁၀) ချစ်ပါ၊ မေတ္တာထားပါ။

            ဘဝကို အချစ်နဲ့တည်ဆောက်ထားတာပါ။ အောင်မြင်မှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ ပျော်စရာတွေရှိရင် ဒါတွေကို အတူမျှဝေခံစားဖို့ လူတစ်ယောက်တော့ လိုတယ်မဟုတ်လား။ အချစ်ဆိုတာ ဘဝအတွက် ကြီးကျယ် ခမ်းနားလွန်းတဲ့ လက်ဆောင်တစ်ခုပါပဲ။ ဘဝရဲ့ အိမ်မက်တွေပန်းတိုင်တွေကို ရောက်အောင်သွားရတာက လွယ်ပါတယ်၊ ဒါပေမဲ့ အချစ်တစ်ခုကို ရေရှည်တည်မြဲအောင် ထိန်းသိမ်းနိုင်ဖို့ကတော့ တကယ်ကိုမလွယ်တဲ့ ကိစ္စပါ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေ၊ ခံယူချက်တွေ မတူညီကြပါဘူး။ ဒီလိုမတူညီတဲ့ လူနှစ်ဦးပေါင်းဖက်ဖို့ဆိုတာ မေတ္တာတရားကို ရှေ့တန်းတင်ပြီး စိတ်ရှည်သည်းခံမှု၊ နားလည်မှုတွေ ပေးဖို့ လိုအပ်ပါတယ်။

ချစ်ခရီးလမ်းတိုင်းမှာ အခက်အခဲဆိုတာ ရှိပါတယ်။ ကြံ့ကြံ့ခံပြီး အတူရင်ဆိုင်ကျော်ဖြတ်ဖို့ လိုပါတယ်။ ဒီအချက် ၁၀ ချက်ကို သတိထားမိပြီး လိုက်နာမယ်ဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခရီးပန်းတိုင်ကို သေတပန်သက်တစ်ဆုံး အတူလျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

            ချစ်ခရီးလမ်းတိုင်း သာယာဖြောင့်ဖြူးပါစေရှင်...  


Comment Loading....