တင်ပါးပြားချပ်ချပ် မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်
05 March, 2020
Audrey
ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်စွာ ဝတ်စားဆင်ယင်ထားမယ်ဆိုရင် ဘယ်လိုနေနေ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။ တင်ပါးပြားချပ်ချပ်လေးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအတွက် ပိုပြီးလှပကြည့်ကောင်းစေဖို့ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ပုံစံလေးတွေအကြောင်း ဖော်ပြချင်ပါတယ်။
၁။ ဂျာကင်/ကုတ် အင်္ကျီ
အပေါ်ထပ်အင်္ကျီတွေ ဝတ်တဲ့အခါ တင်ပါးတစ်ဝက်လောက်အထိ ဖုံးတာမျိုး၊ ဒါမှမဟုတ် တင်ပါးအပေါ်နားမှာ ခပ်ပွပွ ဝဲနေမယ့် ဂျာကင်တွေ၊ ကုတ်အင်္ကျီတွေကို ရွေးချယ်သင့်ပါတယ်။ ဒီလိုအင်္ကျီတွေက တင်ပါးနားတစ်ဝိုက်ကို ခပ်ဝိုင်းဝိုင်း ပုံသဏ္ဍာန်ဖြစ်စေတာမို့ ရှိရင်းစွဲထက် ပိုပြီး ထင်ပေါ်စေမှာပါ။
၂။ Skimming Dress
အပေါ်ပိုင်းအကျပ်၊ ခါးနေရာ သိမ်သွားတဲ့ပုံစံမျိုးတွေဟာ တင်ပါးပြားချပ်ချပ် မိန်းကလေးတွေအတွက် သင့်တော်ပါတယ်။ ခါးမတုတ်တဲ့အမျိုးသမီးတွေအတွက်ဆိုရင် ဒီလိုပုံစံက တင်ပါးကို ပိုပြီးကားသယောင် ထင်ရစေပြီး တင်ပါးနေရာမှာ အကျပ်ဖြစ်စေ၊ အကားဖြစ်စေ ခါးနေရာသိမ်သွားတဲ့အတွက် တင်ပါးက အလိုလို ပေါ်လွင်လာမှာ ဖြစ်ပါတယ်။
၃။ တတ်နိုင်သမျှ ခါးသေးအောင် ဝတ်ဆင်ပါ။
အထက်မှာ ဖော်ပြခဲ့သလိုပါပဲ။ ခါးနေရာ ပေါ်လွင်လေလေ တင်ပါးကြီးသယောင် ထင်ရလေလေမို့ ခါးသေးစေအောင် ဝတ်ဆင်ပါ။ ခါးစည်း၊ ဗိုက်စည်း၊ ကော့ဆက်တွေ ဝတ်ဆင်ပြီး ခါးသေးအောင် ဖန်တီးနိုင်ပါတယ်။ ဂါဝန်တွေ ဝတ်မယ်ဆိုရင်လည်း ခါးစည်းပါတာမျိုးကို ရွေးချယ်ပါ။
၄။ အောက်ပိုင်းကို ရောင်နုဝတ်ပါ။
တော်တော်များများက အပေါ်ပိုင်းကို အရောင်နုနုလေး ဝတ်ပြီး အောက်ပိုင်းကို အရောင်အရင့် ဝတ်ကြပါတယ်။ ဒါပေမဲ့ ပြားချပ်ချပ် တင်ပါးကို ပိုင်ဆိုင်ထားရင်တော့ အရောင်နုနုတွေကိုသာ ဝတ်ဆင်ပါ။ အဖြူလို အရောင်လင်းလင်းတွေဟာ ဝတ်ထားတဲ့နေရာရဲ့ဧရိယာကို ကျယ်ပြန့်သယောင် မြင်ရစေတာမို့ တင်ပါးကားကားလေး ဖြစ်စေမှာပါ။
၅။ ဆွဲသားဘောင်းဘီတွေ ဝတ်ဆင်ပါ။
ဆွဲသား၊ ခါးမြင့်ဘောင်းဘီတွေဟာ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်စေတာမို့ ပြားချပ်ချပ်မိန်းကလေးတွေ ဝတ်ဆင်သင့်ပါတယ်။ အထူးသဖြင့် ခါးမြင့်ဘောင်းဘီတွေက တင်ပါးကို လုံးဝန်းစေပါတယ်။ ခပ်ပွပွတွေ၊ ချောင်ချိချိတွေ၊ Elastic ခါးပတ်ကြိုးတွေကို လုံးဝ ရှောင်ကြဉ်ပါ။ အနောက်မှာ အိတ်ကပ်ပါပြီး၊ အိတ်ကပ်ပေါ်မှာ ပန်းထိုးထားတာတွေ၊ ကြယ်သီးတပ်ထားတာတွေ စသဖြင့် အလှဆင်ထားမယ်ဆိုရင် တင်ပါးကို ပိုပြီးပေါ်လွင်စေမှာ ဖြစ်ပါတယ်။
၆။ ဒေါက်ဖိနပ်စီးပါ။
ဒေါက်မြင့်ဖိနပ်တွေဟာ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ပြောင်းလဲပေးစေပါတယ်။ တင်းပါးကို မြှင့်တင်ပေးသလို ဖြစ်စေတာမို့ လုံးဝန်းမို့မောက်တဲ့ တင်ပါးပုံစံလေး ပေါ်ချင်ရင် ဒေါက်ဖိနပ်စီးသင့်ပါတယ်။