ဖိနပ်စီးတော့မယ်ဆိုရင် ဂရုစိုက်သင့်တဲ့အရာတွေ
06 February, 2020
Audrey
တစ်နေရာရာ သွားတော့မယ်ဆို အင်္ကျီအဝတ်အစားကို စဉ်းစားရတာ သိပ်ကိုအချိန်ပေးရတာပါပဲ။ အချိန်ပေးပြင်ဆင်ပြီး လှပသွားပြီဆိုရင်တော့ လှမ်းလျှောက်သွားမယ့် ခြေလှမ်းတွေအတွက် သင့်တော်တဲ့ ဖိနပ်တစ်ရံ လိုလာပြန်ပါတယ်။ သေချာပြင်ဆင်ထားပြီးမှ ဖိနပ်ရွေးချယ်မှု မှားယွင်းသွားတဲ့အခါ အားလုံး အလဟဿဖြစ်သွားမှာပါ။ ဒါကြောင့် ခေါင်းအစ ခြေအဆုံး ကျော့ရှင်းလှပတဲ့မိန်းကလေးတစ်ယောက် ဖြစ်စေဖို့ မှန်ကန်တဲ့ဖိနပ်ရွေးချယ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အရောင်ရွေးချယ်မှု
အရောင်အနုမဟုတ်ရင် အင်္ကျီနဲ့ ဖိနပ်ကို အရောင်ဆင်တူ မဝတ်သင့်ပါဘူး။ ခပ်ဆင်ဆင်ဖြစ်ချင်တယ်ဆိုရင် အင်္ကျီအရောင်ထက် နည်းနည်းပိုရင့်တဲ့ဖိနပ်ကို စီးပါ။ ဒါပေမဲ့ ပန်းဆီရောင်အင်္ကျီဝတ်ပြီး အနီရောင်ဖိနပ်စီးတာမျိုးကိုတော့ လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
တကယ်လို့ အဆင်ဒီဇိုင်းတွေ၊ Pattern တွေ ပါဝင်တဲ့ အင်္ကျီကို ဝတ်မယ်ဆိုရင် ဒေါက်မြင့်ဖိနပ်ကိုမှ အနက်ရောင်၊ အညိုရောင်၊ အင်္ကျီနဲ့ ဆင်တူဒီဇိုင်း စတာတွေကို ရွေးချယ်သင့်ပါတယ်။ အင်္ကျီမှာ အရောင်တွေ အများအပြား ပါဝင်ထားပြီး ဖြစ်တဲ့အတွက် အမြင်အာရုံရှုပ်ထွေးမှု မဖြစ်ရအောင် အရောင်တစ်မျိုးတည်းနဲ့သာ ချုပ်လုပ်ထားတဲ့ ဖိနပ်ကို ရွေးချယ်ရမှာပါ။
ရာသီဥတုနဲ့ လိုက်ဖက်စွာ ရွေးချယ်တတ်မှု
နွေရာသီမှာဆိုရင် ပေါ့ပေါ့ပါးပါး စီးနိုင်တဲ့ ကြိုးသိုင်း၊ ရှူးအပါး စတဲ့ ဖိနပ်တွေက သဘာဝနဲ့ လိုက်လျောညီထွေမှုကို ပိုပြီးခံစားရစေမှာပါ။ အရောင်တွေကိုလည်း Summer Theme လေးတွေဖြစ်တဲ့ အစိမ်းနုရောင်၊ အဝါရောင် စသဖြင့် အရောင်လွင်လွင်တောက်တောက်လေးတွေ စီးသင့်ပါတယ်။ မိုးရာသီဆိုရင်တော့ ခြေထောက်ကို ဗွက်တွေ မစင်အောင် ဖုံးအုပ်ပေးထားတဲ့ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါပေမဲ့ ရေတွေ ဝင်ခဲ့ရင်တောင် အလွယ်တကူ ပြန်ထွက်နိုင်တဲ့ ဖိနပ်တွေကို စီးသင့်ပါတယ်။ ဆောင်းရာသီမှာဆိုရင် အရောင်မှိုင်းမှိုင်းနဲ့ အရောင်နုနုရှူးတွေ စီးသင့်ပါတယ်။ Ankle Boot ဖိနပ်တွေကလည်း ဆောင်းတွင်းအချိန်မှာပဲ စီးလို့ ကောင်းတာမို့ မမေ့မလျော့ ဝယ်ထားသင့်ပါတယ်။
ဒေါက်ဖိနပ်ရွေးချယ်မှု
မိန်းကလေးတစ်ယောက်မှာ High Heel တစ်ရံကတော့ ရှိကိုရှိသင့်ပါတယ်။ ဒါပေမဲ့ အမြဲ မစီးနိုင်တဲ့အတွက် ဘယ်လိုဝတ်စုံနဲ့မဆို လိုက်ဖက်တဲ့ ရှေ့အပိတ်၊ နောက်အပိတ် ဒေါက်မြင့် ရှူးဖိနပ်က နေရာတိုင်းအတွက် သင့်တော်ပါတယ်။ ဖိနပ်ရဲ့အမြင့်ဟာလည်း လေးလက်မထက် မကျော်ရပါဘူး။ ခြေကျင်းဝတ်အထိ ကြိုးတွေ ဝတ်ထားတဲ့ ဖိနပ်မျိုးတွေကိုလည်း မရွေးချယ်သင့်ဘဲ ရိုးရိုးရှင်းရှင်းမျိုးကိုသာ ရွေးဝယ်ထားပါ။ အနက်ရောင်၊ အညိုရောင်၊ မီးခိုရောင် စသဖြင့် ရိုးရိုးရှင်းရှင်းအရောင်တွေက မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။