You can also download android application here.
Free Download ×

ဘီယာဗိုက်တွေဖုံးအောင် ဘယ်လိုဝတ်မလဲ

ဘီယာဗိုက်တွေဖုံးအောင် ဘယ်လိုဝတ်မလဲ

23 January, 2020

Audrey

Six pack ရှိသူတွေမှ ကြည့်လို့ ကောင်းတာ မဟုတ်ပါဘူး။ ဘီယာဗိုက်ပိုင်ရှင် အမျိုးသားတွေဟာလည်း ဝတ်စားဆင်ယင်မှုကိုသာ ဂရုတစိုက် ပြင်ဆင်လိုက်မယ်ဆိုရင် ခန့်ခန့်ညားညားနဲ့ ကြည့်ကောင်းနေမှာပါ။ ဒါပေမဲ့ ဗိုက်ပူလွန်းနေတယ်ဆိုရင်တော့ အဲဒီဗိုက်ကို ဖုံးအုပ်ထားဖို့ ဝတ်ဆင်သင့်တဲ့ပုံစံတွေ ရှိပါတယ်။ ဒါတွေကို အခုဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အရောင်အမှောင်တွေ ဝတ်ပါ။

ဝတဲ့သူတွေက အရောင်အရင့်တွေ ဝတ်သင့်တယ်ဆိုတာ လူအများစု သိပြီးသားပါ။ ဒါကြောင့် ဘီယာဗိုက်ပိုင်ရှင်တွေလည်း အရောင်ရင့်ရင့်၊ မှောင်မှောင်တွေ ဝတ်ပြီး ဘီယာဗိုက်ကြီး ပြောင်ပြောင်ထင်းထင်း ဖြစ်မနေအောင် ဖုံးကွယ်ထားလို့ ရပါတယ်။

၂။ အင်္ကျီကြယ်သီး ဖြုတ်ဝတ်ပါ။

ဘီယာဗိုက်ပိုင်ရှင်တွေ အထာကျကျနဲ့ ဂေါ်ချင်ရင် ရှပ်အင်္ကျီဝတ်တဲ့အခါ အပေါ်ကြယ်သီးနှစ်လုံးလောက် ဖြုတ်ဝတ်ပါ။ ဒါဆိုရင် လူတွေရဲ့အာရုံက ကြယ်သီးဖြုတ်ထားတဲ့ အပေါ်ပိုင်းဆီ ရောက်နေမှာမို့ ဗိုက်ပူတာကို သိပ်သတိမထားမိတော့ပါဘူး။

၃။ Elastic ကြိုး မပါတဲ့ဘောင်းဘီတွေ ဝတ်ပါ။

Elastic ကြိုးပါတဲ့ ဘောင်းဘီတွေဟာ လူကို ပိုဝသလို ထင်ရစေပါတယ်။ ဒါ့အပြင် ဗိုက်ကို စည်းထားသလို ဖြစ်တာကြောင့် ကြည့်လို့လည်း မကောင်းပါဘူး။ ခါးပတ်ပြားပြောင်ကိုမှ ကြိုးချည်တဲ့ပုံစံဖြစ်ဖြစ်၊ ကြယ်သီးတပ်တာမျိုးဖြစ်ဖြစ် ဝတ်သင့်ပါတယ်။

၄။ အမိုက်စားဂျာကင်တွေ ဝတ်ပါ။

အပေါ်က ထပ်ဝတ်ရတဲ့အထည်တွေဟာ ယောကျာ်းလေးတွေရဲ့စတိုင်ကို ပိုပြီး ထင်ပေါ်စေပါတယ်။ ဘီယာဗိုက်ပိုင်ရှင် အမျိုးသားတွေကတော့ ခေါင်းစွပ်ဆွယ်တာတွေထက် ဂျာကင်တွေကို ရွေးချယ်ရမှာပါ။ ပခုံးပေါ်မှာ သံမှိုတွေ၊ ဒီဇိုင်းတွေ ပုံဖော်ထားတာမျိုး၊ ထူးထူးခြားခြား အရောင်စပ်ထားတာမျိုးကို ဝတ်မယ်ဆိုရင် ပိုပြီးကြည့်ကောင်းပါလိမ့်မယ်။

၅။ ပေါ့ပေါ့ပါးပါး ပိတ်စနဲ့ ချုပ်ထားတာတွေပဲ ဝတ်ပါ။

တစ်ခါတလေမှာ ပိတ်စရဲ့လေးလံမှုတွေက ဝတ်ဆင်ထားတဲ့လူကိုပါ ပိုပြီးပုသွားသလို၊ ခန္ဓာကိုယ် ကြီးသွားသလို ဖြစ်စေပါတယ်။ ဒါကြောင့် သိပ်မထူတဲ့အစနဲ့ ချုပ်လုပ်ထားတဲ့အထည်တွေက ပိုပြီးသင့်တော်ပါတယ်။ အထူဆိုရင်တော့ အပေါ်ဝတ် အင်္ကျီတွေ၊ ဂျာကင်တွေကိုပဲ ဝတ်ဆင်သင့်ပါတယ်။


Comment Loading....