၉၀ ခုနှစ်တုန်းက ဖက်ရှင်တွေကို စတိုင်ကျအောင် ဘယ်လိုဝတ်မလဲ
22 December, 2019
Audrey
ဖက်ရှင်လောကမှာ အသစ်အဆန်းတွေ အမျိုးမျိုး ပြောင်းလဲဖန်တီးနေကြတယ် ဆိုပေမယ့် ဆယ်စုနှစ် အနည်းငယ် ကြာလာတဲ့အခါ တစ်ချိန်က ဖက်ရှင်တွေ တစ်ပတ်လည်ပြီး ခေတ်စားလာတတ်ပါတယ်။ အခုဆိုရင်လည်း ၉၀ ခုနှစ်တုန်းက အရောင်တွေ၊ ဒီဇိုင်းတွေနဲ့ ဖက်ရှင်တွေ ပြန်လည်ခေတ်စားလာတာကို တွေ့မြင်ရမှာပါ။ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေဟာ ဂီတသမိုင်းမှာ အတောက်ပဆုံး အချိန်တစ်ခုဖြစ်သလို အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေဟာလည်း လူတွေကို အတော်လေး လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဖလန်နယ်ရှပ်အင်္ကျီတွေ၊ ဂျင်းအပွကြီးတွေနဲ့ ဘွတ်ဖိနပ်တွေဟာ ၉၀ ဝန်းကျင်ကို ထင်ဟပ်စေတဲ့ ဖက်ရှင်တွေပါ။ ဒါကြောင့်မို့ ၉၀ ခုနှစ် ဝန်းကျင်က အဝတ်အစားတွေနဲ့ ဒီခေတ်မှာ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အခု လတ်တလော သိသိသာသာ ခေတ်စားလာတဲ့ ဖက်ရှင် ကတော့ ဂျင်းဘောင်းဘီအပွတွေပါ။ ဂျင်းဘောင်းဘီအပွတွေကို Vintage Theme တီရှပ်တွေ၊ ဒါမှမဟုတ် ၉၀ ခုနှစ်ဝန်းကျင်က ဂီတအဖွဲ့လိုဂိုတွေနဲ့ ရှပ်တွေဟာ ၉၀ ခုနှစ်ကို ထင်ဟပ်စေပြီး စတိုင်ကျစေတဲ့ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။
ဖလန်နယ်ရှပ်အင်္ကျီတွေဟာလည်း ၉၀ ခုနှစ်ရဲ့ ဖက်ရှင်ပုံရိပ်တစ်ခုပါ။ ဂျင်းဘောင်းဘီနဲ့ တီရှပ်ဝတ်ပြီး အပေါ်ကနေ ဖလန်နယ်ရှပ်အကွက်လေးတွေ ဝတ်လိုက်မယ်ဆိုရင် ၉၀ ခုနှစ်ဝန်းကျင်က နာမည်ကျော်အဆိုတော်တွေ ဝတ်လေ့ရှိတဲ့ပုံစံမျိုးကို အမှတ်ရစေမှာ ဖြစ်ပါတယ်။
၂၀၁၉ မှာ သိပ်မတွေ့ရသေးတဲ့ ၉၀ ခုနှစ် ဖက်ရှင်တစ်ခုကတော့ ရှပ်အင်္ကျီလက်တိုကို အပွင့်တွေ၊ ပါတိတ်အဆင်ဒီဇိုင်းတွေနဲ့ ချုပ်ထားတဲ့ ပုံစံမျိုးပါ။ အဲဒီလိုရှပ်အင်္ကျီတွေက ဘောင်းဘီတိုနဲ့ လိုက်ဖက်ပါတယ်။ အဆင်တန်ဆာအနေနဲ့ နေကာမျက်မှန်တစ်လက်ပါ တပ်လိုက်မယ်ဆိုရင် ၉၀ ခုနှစ်ဖက်ရှင်အတိုင်း ထင်ဟပ်နေမှာပါ။ နွေရာသီဖြစ်ဖြစ်၊ ကမ်းခြေဆီ ခရီးထွက်တာဖြစ်ဖြစ် နေရောင်ခြည်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်မျိုး ဆိုရင်လည်း မမှားပါဘူး။
၉၀ ခုနှစ်ဝန်းကျင်ရဲ့ နောက်ထပ်ဖက်ရှင်တစ်ခုက ဂျင်းတွေကို အပေါ်အောက် ဝတ်ဆင်ကြတာပါ။ ဂျင်းဂျက်ကတ်နဲ့ ဂျင်းဘောင်းဘီ ဝမ်းဆက်ဝတ်ပြီး ရှူးဖိနပ်အဖြူလေး စီးထားတဲ့ပုံရိပ်တွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီလိုအဝတ်အစားမျိုး ဝတ်မယ်ဆိုရင် အရပ်မမြင့်တဲ့သူတွေက ဂျင်းဂျာကင်ကို ခါးတိုပဲ ရွေးချယ်ဝတ်ဖို့ သတိပြုစေချင်ပါတယ်။
၉၀ ခုနှစ် ဝန်းကျင်က ကိုကာကိုလာကြော်ငြာတွေမှာ တွေ့ရတဲ့ အရောင်စုံ၊ အရောင်တောက်တောက် ဂျာကင်အင်္ကျီတွေဟာလည်း Designer Made Brand တွေမှာ ပြန်လည်တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ ပိုစတာတွေနဲ့ ကြော်ငြာတွေမှာပဲ အတွေ့ရများပြီး လူငယ်တွေကြားမှာ သိပ်ခေတ်မစားသေးပါဘူး။ Retro Football Shirt စတိုင်လို့ ခေါ်ပြီး မနက်ခင်း အပြေးလေ့ကျင့်ချိန်တွေနဲ့ အားကစားလုပ်ချိန်တွေမှာ ဝတ်မယ်ဆိုရင် တကယ်ကို ကြည့်ကောင်းမယ့် ပုံစံတစ်ခု ဖြစ်ပါတယ်။