ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး အမျိုးသမီး အန်နီမေတာ မာကီကို ဖူတာကီ
14 December, 2019
ကျော်ကျော်သက်
ဂျပန်အန်နီမေးရှင်းရုပ်ရှင်တွေကို နှစ်သက်သူတွေအနေနဲ့ Studio Ghibli ဆိုတဲ့နာမည်ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ Spirited Away, My Neighbor Totoro နဲ့ Princess Mononoke လို နာမည်ကျော်ရုပ်ရှင်တွေ ထုတ်လုပ်ခဲ့တဲ့ Studio Ghibli ဆိုတဲ့အမည်နဲ့အတူ အဲဒီရုပ်ရှင်တွေရဲ့ အဓိက ဖန်တီးရှင် ကုမ္ပဏီတည်ထောင်သူ မီယာဇာကီရဲ့အမည်ကိုလည်း လူသိများပါတယ်။ တကယ်တော့ Studio Ghibli မှာ မီယာဇာကီကို အထောက်အကူပြုနေတဲ့ ပညာရှင်တွေ အများအပြား ရှိနေပြီး အဲဒီထဲက ထူးခြားသူတစ်ဦးကတော့ အမျိုးသားတွေ ကြီးစိုးတဲ့ ဂျပန်အန်နီမေးရှင်းလောကမှာ အမျိုးသမီး အန်နီမေတာတစ်ဦးအဖြစ် အောင်မြင်ခဲ့တဲ့ မာကီတို ဖူတာကီ ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံအတွင်းမှာ အထင်ရှားဆုံး အမျိုးသမီးအန်နီမေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်တဲ့အခါ ဂျပန်အနုပညာလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မှတ်ယူခံခဲ့ရပါတယ်။ အမျိုးသမီး အန်နီမေတာအဖြစ် ထူးခြားတဲ့မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဖူတာကီရဲ့ စိတ်ဝင်စားစရာ အချက်တွေထဲက ငါးခုကို ဖော်ပြလိုက်ပါတယ်။
၁။ ငယ်စဉ်ကတည်းက ပန်းချီပညာထူးချွန်သူ
ဖူတာကီဟာ ငယ်စဉ်ကတည်းက ပန်းချီပညာကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး ကာတွန်းအန်နီမေးရှင်းတွေ ဖန်တီးရတာ စိတ်ဝင်စားခဲ့ပါတယ်။ သူဟာ အသက်နှစ်ဆယ်အရွယ်မှာ 8mm ရုပ်ရှင်ဖလင်ပေါ်မှာ ပုံတွေဆွဲပြီး အန်နီမေးရှင်းတွေ ဖန်တီးခဲ့ပါတယ်။ အဲဒီအချိန်က ဖန်တီးခဲ့တဲ့ အန်နီမေးရှင်းတွေဟာ အပျော်တမ်း လက်ရာတွေဖြစ်ပေမယ့် မြင်ရသူတိုင်းရဲ့ချီးကျူးမှုကို ခံခဲ့ရပြီး အသက် နှစ်ဆယ့်တစ်နှစ်အရွယ်ရောက်တော့ ကုမ္ပဏီကြီးတွေက ထုတ်လုပ်တဲ့ ရုပ်ရှင်တွေမှာ ပါဝင်ဖန်တီးခွင့် ရခဲ့ပါတယ်။
၂။ သဘာဝတရားကို မြတ်နိုးသူ
Studio Ghibli ရဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးသူတိုင်း ဝန်ခံရတဲ့အချက်က ရှုခင်းပုံတွေ၊ နောက်ခံမြင်ကွင်းတွေကို ပုံဖော်ရာမှာ အလွန်လှပ လက်ရာမြောက်တယ်ဆိုတာကိုပါ။ အဲဒီလိုလှပတဲ့မြင်ကွင်းတွေကို အဓိက ဖန်တီးသူကတော့ မာကီကို ဖူတာကီပဲ ဖြစ်ပါတယ်။ သူဟာ သဘာဝတရားကို ချစ်မြတ်နိုးပြီး အမြဲတမ်း သစ်ပင်တွေ၊ ရှုခင်းတွေနဲ့ တိရစ္ဆာန်လေးတွေရဲ့ပုံတွေကို ဆွဲနေလေ့ရှိတဲ့အတွက် လက်ရာမြောက်စွာ ဖန်တီးနိုင်တာလည်း ဖြစ်ပါတယ်။ သူဟာ အချိန်ရတိုင်း ကျေးလက်ဒေသတွေ၊ တောတွေတောင်တွေထဲ ခရီးသွားလေ့ရှိသူအဖြစ်လည်း ထင်ရှားပါတယ်။
၃။ ပါရမီရှင်အနုပညာသမားအဖြစ် လေးစားခံရသူ
Studio Ghibli တွဲဖက်တည်ထောင်သူတွေဖြစ်တဲ့ မီယာဇာကီနဲ့ တာကာဟာတာတို့အပါအဝင် ဂျပန်အန်နီမေးရှင်းလောက တစ်ခုလုံးက ဖူတာကီကို ပါရမီရှင် အနုပညာသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး လေးစားချစ်ခင်ကြပါတယ်။ သူ့ဖန်တီးမှုတွေဟာ အလွန် အနုစိတ်ပြီး လက်ရာမြောက်တဲ့အပြင် ထူးခြားဆန်းသစ်တဲ့ အမြင်တွေကိုလည်း တွေ့ရပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်က ရုံတင်ခဲ့တဲ့ My Neighbor Totoro ရုပ်ရှင်ကစပြီး အနှစ် နှစ်ဆယ်ကျော်ကာလအတွင်း Studio Ghibli ရဲ့ နာမည်ကြီးရုပ်ရှင်တိုင်းမှာ အရေးပါတဲ့ဇာတ်ဝင်ခန်းတွေကို ဖန်တီးခွင့်ရသူ ဖြစ်ခဲ့ပါတယ်။
၄။ ထိုက်တန်တဲ့အောင်မြင်မှုကို မရခဲ့သူအဖြစ် သတ်မှတ်ခံရသူ
ဖူတာကီဟာ ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး အမျိုးသမီး အန်နီမေတာဖြစ်ပေမယ့် သူ့အနုပညာပါရမီနဲ့ ထိုက်တန်တဲ့အောင်မြင်မှုကို မရခဲ့သူအဖြစ် သတ်မှတ်ခံရပါတယ်။ သူဟာ အန်နီမေးရှင်းရုပ်ရှင်တစ်ခုကို ဦးဆောင်ဖန်တီးသူဖြစ်နိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပေမယ့် ဖန်တီးရာမှာ အနုစိတ်လွန်းပြီး အချိန်ယူလွန်းတဲ့အတွက် ဈေးကွက်လိုအပ်ချက်ကို အမီမလိုက်နိုင်ဘဲ အမြင့်ဆုံး အောင်မြင်မှုမျိုး မရခဲ့တာလို့ ဆိုပါတယ်။ မီယာဇာကီက “အန်နီမေးရှင်ဈေးကွက်ဟာ ဖူတာကီရဲ့ပါရမီကို အပြည့်အဝ အသုံးချဖို့ အခွင့်မသာတဲ့ အခြေအနေမျိုးဖြစ်နေတာ တကယ်စိတ်မကောင်းစရာပါပဲ”လို့ ပြောဖူးပါတယ်။
၅။ Studio Ghibli မှာ သီးခြားအခွင့်အရေး ပေးခံရသူ
မီယာဇာကီဟာ သူ့ရဲ့ Studio Ghibli က ဝန်ထမ်းတွေကို ကုမ္ပဏီအလုပ်မဟုတ်တဲ့ ပြင်ပအလုပ်တွေ လုပ်ခွင့်မပြုပါဘူး။ ဒါပေမဲ့ ဖူတာကီကတော့ ခြွင်းချက်ဖြစ်ပြီး သူ့အနုပညာစွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်အောင် အန်နီမေးရှင်းရုပ်ရှင်အပြင် တခြားပြင်ပအလုပ်တွေပါ လုပ်ကိုင်ဖို့ မီယာဇာကီကိုယ်တိုင် တိုက်တွန်းခဲ့ပါတယ်။ အဲဒါကြောင့် ဖူတာကီဟာ ကလေးတွေအတွက် ပန်းချီစာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ ရေးဆွဲထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ‘ကမ္ဘာ့ဗဟိုက သစ်ပင်’ ရုပ်ပြစာအုပ်ဟာ ဂျပန်နိုင်ငံမှာ အလွန် အောင်မြင်ခဲ့ပါတယ်။