မိန်းကလေးတွေ ဗိုက်ပူတာကို မသိသာစေမယ့်ဖက်ရှင်များ
12 December, 2019
Flynn
ဗိုက်လေး ပူနေရင် အဝတ်အစားဝတ်တဲ့အခါ ဝတ်ချင်တိုင်း ဝတ်လို့မရတော့ပါဘူး။ တချို့လူတွေကျ ပိန်ပေမယ့်လည်း စားသမျှ အစာတွေက ဗိုက်မှာ လာပြီးစုနေတတ်တဲ့အတွက် ဗိုက်ကျပ်တဲ့အင်္ကျီလေးတွေ ဝတ်ရင် ဗိုက်နေရာမှာ စူစူလေး ဖြစ်နေတတ်ပါတယ်။ ဝဝကစ်ကစ် (Chubby) လေး ဖြစ်နေရတာကို ကြိုက်တယ်ဆိုရင် အဆင်ပြေပေမယ့် ဗိုက်လေး ပူနေလို့ ဝတ်ချင်တာမဝတ်ရဘဲ စိတ်မကောင်းဖြစ်နေရတယ်ဆိုရင်တော့ ဒီဆောင်းပါးတိုလေးက ကူညီပေးပါလိမ့်မယ်။
၁။ အတွင်းခံကို ဂရုစိုက်ပါ။
လျော့တိလျော့တွဲ အတွင်းခံတွေကို ဒီနေ့က စပြီး လွှင့်ပစ်လိုက်ပါ။ အတွင်းခံက အဓိက အရေးကြီးဆုံးထဲမှာ ပါဝင်နေလို့ပါ။ ကိုယ့်ဆိုဒ်ကိုလည်း သေချာ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ချုပ်မယ်ဆိုရင်လည်း ပုံကျတဲ့နေရာမှာ သေချာ တိုင်းချုပ်ပေးပါ။ အပြင်မှာ ဝတ်မယ်ဆိုရင်လည်း မဝယ်ခင် အစမ်းဝတ်ကြည့်လို့ရတဲ့ဆိုင်မှာပဲ ဝယ်ပါလို့ ပြောချင်ပါတယ်။ မျက်စိနဲ့ ကြည့်ပြီး ရွေးချယ်တာမျိုး မလုပ်ပါနဲ့။ ဗိုက်ချပ်လေးတွေ ဝတ်တတ်တဲ့သူဆိုရင်လည်း အရေပြားကို အပေါ်ပင့်တင်ပေးတဲ့၊ ဆွဲသားပါတဲ့ အရည်အသွေးကောင်းတာတွေကို သေချာ ရွေးဝယ်ပါနော်။
၂။ Shapewear စမ်းဝတ်ကြည့်ပါ။
Shapewear ဆိုတာ အတွင်းခံအပေါ်ကနေ ထပ်ပြီးဝတ်ရတဲ့ ကိုယ်ကျပ်အင်္ကျီပါ။ ဝတ်နေကျသူတွေက အဆင်ပြေတယ်ဆိုပေမယ့် မဝတ်ဖူးတဲ့သူတွေအတွက်ကတော့ စဝတ်ဝတ်ချင်းမှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိုးစားပြီး စမ်းဝတ်ကြည့်ပါ။ အံ့ဩစရာကောင်းတဲ့ပြောင်းလဲမှုကို တွေ့ရပါလိမ့်မယ်။ ဝတ်လိုက်တဲ့အခါ အဆီပိုတွေကို ပုံမှန်ထက် သိသိသာသာ ချပ်ရပ်သွားစေပြီး ဗိုက်တစ်ခုတည်းတင်မကဘဲ နေရာအစုံကို ပုံကျအောင် ကူညီပေးပါတယ်။
၃။ ဒေါင်လိုက်အစင်းနဲ့ အတွန့်အရှုံ့တွေ ပါတဲ့အင်္ကျီတွေ
အင်္ကျီအနားနဲ့ အောက်ခြေမှာ အတွန့်အခေါက်လေးတွေပါတဲ့ Ruffle လေးတွေကိုလည်း ဦးစားပေးပြီး ဝတ်ပါလို့ ပြောချင်တယ်။ အတွန့်လေးတွေပါတဲ့၊ ပူနေတဲ့ဗိုက်နေရာလေးကို ကောင်းစွာ ဖုံးပေးနိုင်ပါတယ်။ အစင်းပါတဲ့အင်္ကျီလေးတွေကိုလည်း မမေ့သင့်ပါဘူး။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ဒေါင်လိုက်အစင်းက ခန္ဓာကိုယ်ကို ပိုပြီးသွယ်လျစေတာပါ။ ဒါကြောင့် ဒေါင်လိုက်အစင်းတွေကိုပဲ ရွေးဝယ်ပါ။ ကန့်လန့်စင်းတွေက ပိုပြီးဝစေတာကြောင့် မဝတ်ဖို့ တားပါရစေ။
၄။ အမည်းရောင်ဂါဝန်
အမည်းရောင်ကို ဝတ်လိုက်ရင် လူကို ပုံမှန်ထက် ပိုပြီးသွယ်လျစေပါတယ်။ အမည်းရောင်ဖြစ်တဲ့အတွက် ပူနေတဲ့ဗိုက်နေရာကိုလည်း လုံးဝ ဖုံးထားပေးနိုင်ပါတယ်။ အမည်းရောင်ရွေးရင် သတိထားရမှာတစ်ခုက ကျပ်ထုတ်နေတာကို မရွေးမိဖို့ပါပဲ။ ပြောင်ပြောင်လက်လက် ပါတာလေးတွေပဲဖြစ်ဖြစ်၊ အရှုံ့လေးတွေပါတာပဲဖြစ်ဖြစ် ရွေးချယ်ပြီး ဝတ်ဆင်ပေးပါ။
၅။ ဆိုဒ်ပွ Top အင်္ကျီနဲ့ ဘောင်းဘီ
ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်နေတဲ့အင်္ကျီတွေက ဗိုက်ပူတဲ့သူတွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မယ်လို့ မထင်ပါဘူး။ ကိုယ့်ပုံမှန်ဆိုဒ်ထက် ဗိုက်ပူရင် ပူသလောက် ဆိုဒ်နှစ်ခုလောက် ကြီးတာကို ဝယ်ပေးပါ။ အပေါ်ပိုင်းကို အပွဝတ်ထားတဲ့အတွက် အောက်ပိုင်းကိုတော့ ဝတ်နေကျဆိုဒ်ကိုပဲ ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။