You can also download android application here.
Free Download ×

သတို့သမီးဝတ်စုံကို ဘယ်လိုရွေးချယ်မလဲ

သတို့သမီးဝတ်စုံကို ဘယ်လိုရွေးချယ်မလဲ

11 December, 2019

Flynn

ပွင့်လင်းရာသီလေးမှာ ချစ်တဲ့သူနဲ့ တူနှစ်ကိုယ်ပေါင်းဖက်ဖို့ စဉ်းစားထားကြသူတွေ ရှိနေပြီလား။ တစ်သက်မှာ တစ်ခါပဲ ဆောင်ရတဲ့ မင်္ဂလာဆောင်ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ပမာဏအတွင်းမှာပဲ အကောင်းဆုံးတွေကို လိုချင်ကြတာ လူတိုင်းပဲလေ။ ပြင်ဆင်စရာတွေ အများကြီး ရှိတဲ့အထဲကမှ ပြင်ဆင်ရတာ ရင်အခုန်ရဆုံးနဲ့ အခက်အခဲဆုံးကတော့ သတို့သမီးဝတ်စုံပါ။ သတို့သမီးဝတ်စုံရွေးချယ်တဲ့နေရာမှာ အွန်လိုင်းကနေ တက်လာတဲ့ ပုံတွေကို သိမ်းထားပြီး လှမယ်ထင်တာတွေကို ရွေးလိုက်လို့ မရပါဘူး။ မှန်ကန်တဲ့သတို့သမီးဝတ်စုံကို ဘယ်လို ရွေးချယ်ရမလဲဆိုတာ အောက်မှာ ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

 

၁။ လူတိုင်းကို ခေါ်မသွားပါနဲ့။

ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့ဝတ်စုံကို ကူရွေးပေးဖို့အတွက် ပုံမှန် ဈေးဝယ်ထွက်သလိုမျိုး အုပ်စုလိုက် မသွားသင့်ပါဘူး။ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ဒါမှမဟုတ် အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လောက်ပဲ ခေါ်သွားပါ။ လူအများကြီး ခေါ်သွားမယ်ဆိုရင် တစ်ယောက်တစ်ပေါက်နဲ့မို့ ရွေးချယ်ရခက်ပြီး တွေဝေသွားစေနိုင်ပါတယ်။

 

၂။ ကုန်ကျစရိတ်ကို ခွဲခြမ်းစိတ်ဖြာပြီးမှ ဝယ်ပါ။

သင် ဆိုင်ထဲကို ရောက်တာနဲ့ အရောင်းဝန်ထမ်းက သင် သုံးချင်တဲ့ငွေပမာဏကို မေးပါလိမ့်မယ်။ လက်လွတ်စပယ် မဖြေဖြစ်အောင် အိမ်မှာကတည်းက သေချာ တွက်ချက်သွားပါ။ ဝတ်စုံတစ်စုံတည်းအတွက်သာ ကုန်ကျရတာမဟုတ်ဘဲ လက်ကိုင်ပန်း၊ ဖိနပ်၊ အသုံးအဆောင်ပစ္စည်းဖိုးတွေပါ ရှိတာကြောင့် စနစ်တကျ တွက်ချက်ထားဖို့ လိုပါတယ်။

၃။ ပုံကျတဲ့အတွင်းခံကိုပဲ ရွေးဝယ်ပါ။

အပေါ်ဝတ်စုံကိုပဲ သေချာ ရွေးနေလို့လည်းမဖြစ်သေးပါဘူး။ အထဲမှာ ဝတ်ရမယ့်အတွင်းခံကိုပါ ပုံ သေချာ တိုင်းပြီး ချုပ်တာဖြစ်ဖြစ်၊ ချုပ်ပြီးသား ဝယ်ဝတ်မယ်ဆိုရင်လည်း ကိုယ်နဲ့ ကွက်တိဖြစ် မဖြစ် သေချာ ဝတ်ကြည့်ပြီး ဝယ်ပါ။

 

၄။ ကိုယ်အလေးချိန်ကို ဂရုမစိုက်ပါနဲ့။

ကိုယ်အလေးချိန်ကို အရမ်းကြီး ဂရုမစိုက်ပါနဲ့။ ပိုပြီးပိန်စေအောင် ဝတ်မယ့်အစား ကိုယ့်ခန္ဓာကိုယ်အချိုးအစား၊ ပုံသဏ္ဍာန်ပေါ် မူတည်ပြီး ကြည့်ကောင်းတာကို ရွေးဖို့ လိုပါတယ်။ လှဖို့ လိုသလို အချိန်ကြာကြာ ဝတ်ထားရမှာဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်စေတဲ့ဝတ်စုံကိုပဲ အလေးပေးပြီး ရွေးချယ်ပေးပါနော်။

 

၅။ Booking ကြိုယူပါ။

ကိုယ်က အချိန်ပေးပြီး ရွေးယူရတာဖြစ်တဲ့အတွက် လမ်းကြုံလို့ ဝင်ဝယ်သလိုမျိုး မဖြစ်ပါစေနဲ့။ မဝယ်ခင် တစ်ရက်ကြိုသွားပြီး ကိုယ်ရွေးမယ့်ရက်ကို Booking ကြိုယူထားပါနော်။ ဝန်ထမ်းတွေက ဝန်ဆောင်မှုကို မျှပြီးပေးရတာဖြစ်လို့ ကိုယ့်အတွက် သီးသန့်ရနိုင်ဖို့က အဆင်မပြေနိုင်ပါဘူး။ ဆိုင်နဲ့ ညှိပြီး လူပါးတဲ့အချိန်ကိုသာ သွားပါ။ ဖြစ်နိုင်ရင် ပိတ်ရက်ကို ရှောင်ပြီး ကြားရက်တွေပဲ သွားပါ။

 

၆။ ၁၅ မိနစ်လောက် ဝတ်ကြည့်ပါ။

ကိုယ်နဲ့ ကွက်တိကျတဲ့ဝတ်စုံလည်းတွေ့ပြီ။ အရမ်းလည်း သဘောကျနေပြီဆိုရင် ချက်ချင်း ငွေမရှင်းသေးဘဲ ၁၅ မိနစ်လောက် ဝတ်ထားကြည့်ပါ။ လမ်းလျှောက်ကြည့်ပါ။ ဝတ်စုံက ကိုယ်အတွက် သက်သောင့်သက်သာ ဖြစ်ပြီဆိုရင်တော့ ဝယ်လို့ ရပါပြီ။                                                                                                                                                                 


Comment Loading....