You can also download android application here.
Free Download ×

ယောက်ျားလေးများအတွက် ဆောင်းရာသီဖက်ရှင်

ယောက်ျားလေးများအတွက် ဆောင်းရာသီဖက်ရှင်

24 November, 2019

Audrey

            ယောက်ျားလေးတွေဟာ အနွေးထည်ဝတ်ပြီး စတိုင်ကျကျ နေရတာကို သဘောကျကြပါတယ်။ အခုလို ဆောင်းရာသီဆိုရင် အနွေးထည်မျိုးစုံ ဝတ်ပြီး ခရီးထွက်ချင်ကြမှာပါ။ ဒါပေမဲ့ ဟူဒီနဲ့ ဂျာကင်တွေသာ အဝယ်များပြီး အမြဲတမ်း ဝတ်ဖြစ်နေရင်တော့ အရင်ပုံစံကနေ ကွဲထွက်ပြီး အနွေးထည်တွေနဲ့ အထာကျကျ ခရီးသွားလို့ရအောင် ဝတ်ကြည့်သင့်ပါတယ်။ ဒီဆောင်းပါးမှာ ယောကျ်ားလေးတွေအတွက် ဆောင်းရာသီဖက်ရှင်တွေကို ဖော်ပြထားပါတယ်။

 

ဟူဒီနဲ့ ကုတ်အင်္ကျီ

ယောက်ျားလေးတိုင်းမှာ ဟူဒီ တွေတော့ အများကြီး ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဟူဒီ ကို အမြဲတမ်းလိုလို ရိုးရိုးပဲ ဝတ်နေရင်တော့ ကိုယ့်ဖက်ရှင်ပုံစံက ပျင်းစရာကြီး ဖြစ်နေမှာပါ။ ဒါကြောင့် ဟူဒီ ကို မီးခိုး၊ ဒါမှမဟုတ် အမည်းရောင် ဝတ်ပြီး အပေါ်ကနေ ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်လိုက်ပါ။ ပြီးရင် ခန္ဓာကိုယ်နဲ့အတိ ဘောင်းဘီကို ဝတ်ပြီး အဖြူရောင် ရှူးဖိနပ်စီးထားလိုက်ရင် အရမ်းအေးတဲ့ဒေသတွေဆီသွားရင်လည်း နွေးနွေးထွေးထွေးနဲ့ ကြည့်ကောင်းနေစေမှာပါ။

 

လည်ထောင်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ

            လည်ထောင်အင်္ကျီတွေကတော့ ယောက်ျားလေးတွေ ခရီးသွားတိုင်း မပါမဖြစ်အင်္ကျီ ဖြစ်မှာပါ။ လုံခြုံပြီး နွေးနွေးထွေးထွေး ရှိတာကြောင့် အဝတ်များကြပါတယ်။ လည်ထောင်အင်္ကျီတွေဟာ သိုးမွှေးဖြစ်တာကြောင့် ထူထဲပြီး လူကို ပိုပုသွားစေပါတယ်။ ဒါကြောင့် တွဲဝတ်တဲ့ဘောင်းဘီကို ခပ်ပွပွတွေ မရွေးသင့်ပါဘူး။ ပိုပြီး ထိုင်းမှိုင်းတဲ့အသွင်ဆောင်ပြီး အရပ်ပုသွားသလို ထင်ရပါတယ်။ မြင့်မြင့်မားမား ထင်ထင်ရှားရှား ပုံစံမျိုးဖြစ်ချင်ရင် လည်ထောင်အင်္ကျီအပေါ်ကနေ ကုတ်အင်္ကျီနဲ့ ဂျာကင်အင်္ကျီတွေ ထပ်ဝတ်သင့်ပါတယ်။

 

ကုတ်အင်္ကျီအရှည်

            ကုတ်အင်္ကျီအရှည်နဲ့ မလိုက်တဲ့ ယောက်ျားလေးဆိုတာ မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ တွဲဖက်ဝတ်တဲ့အဝတ်အစားပေါ် မူတည်ပြီး အရမ်း လူကြီးဆန်သွားတတ်ပါတယ်။ ဒါကြောင့် ကုတ်အင်္ကျီအရှည်ဝတ်မယ်ဆိုရင် ခေါင်းစွပ်ဆွယ်တာအပေါ်ကနေ ကုတ်အင်္ကျီကို ကြယ်သီးမတပ်ဘဲ ဝတ်ပါ။ ဘောင်းဘီကိုတော့ ဂျင်းဘောင်းဘီပဲ ရွေးချယ်တာ အသင့်တော်ဆုံးပါ။ လူငယ်ပိုဆန်စေတာပေါ့။

 

ဘလေဇာကုတ်အင်္ကျီနဲ့ အားကစားဘောင်းဘီ

            ပေါ့ပါးနွေးထွေးပြီး စတိုင်ချင်ရင် Joggers လို့ ခေါ်တဲ့ အားကစားဘောင်းဘီတွေ ဝယ်ထားသင့်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း လှုပ်ရှားရလွယ်ကူပြီး သက်သောင့်သက်သာ ရှိစေတာမို့ ဝတ်သင့်တဲ့ ဘောင်းဘီတစ်မျိုးပါပဲ။ အဲဒါနဲ့ တွဲဝတ်သင့်တဲ့အပေါ်အင်္ကျီဆိုရင်တော့ ဘလေဇာကုတ်အင်္ကျီကို ရွေးသင့်ပါတယ်။ ရိုးရှင်းပေါ့ပါးပြီး နွေးထွေးနေပါလိမ့်မယ်။


Comment Loading....