မျက်ကွင်းညိုညိုလေးတွေ ပျောက်ကင်းစေဖို့
06 November, 2019
Audrey
မျက်ကွင်းညိုတာဟာ အမျိုးသား အမျိုးသမီး မရွေး ဖြစ်တတ်ကြပါတယ်။ မျက်ကွင်းညိုတာက စိတ်ပင်ပန်းနေပုံကို ပေါ်လွင်စေပြီး ရှိရင်းစွဲ အသက်ထက် ပိုကြီးသလိုလည်း မြင်ရစေပါတယ်။ ဒီလိုကြည့်ရဆိုးစေတဲ့ မျက်ကွင်းညိုတွေကို အိမ်တွင်းနည်းလမ်းတွေနဲ့ပဲ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။
၁။ ရေခဲအိတ် ကပ်ပေးပါ။
ရေခဲအိတ် ကပ်ပေးခြင်းအားဖြင့် မျက်အိတ်ဖောင်းခြင်းနဲ့ မျက်လုံးအောက် သွေးကြောရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ရေခဲတုံးအနည်းငယ်ကို အဝတ်သန့်သန့်ထဲ ထည့်ပြီး မျက်လုံးပေါ်မှာ မိနစ် နှစ်ဆယ်လောက် ကပ်ထားပါ။ မကြာခဏ ရေခဲကပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုတာကို သက်သာစေပါတယ်။
၂။ အိပ်ချိန် ပိုပေးပါ။
အိပ်ရေးမဝရင်လည်း မျက်ကွင်းညိုစေပါတယ်။ အိပ်ရေးပျက်ပါများတဲ့အခါ အသားအရေ ဖျော့တော့လာပြီး မျက်ကွင်းညိုတွေကို ပိုပြီး သိသာစေတယ်။ ဒါကြောင့် တစ်ရက်ကို ၇ နာရီ၊ ၈ နာရီခန့် အချိန်ယူ အိပ်စက်သင့်ပါတယ်။
၃။ ခေါင်းအုံးမြင့်မြင့် အုံးပါ။
အိပ်ရေးမဝရင် မျက်ကွင်းညိုစေသလို အိပ်တဲ့ပုံစံ မမှန်ရင်လည်း မျက်ကွင်းညိုစေပါတယ်။ ခေါင်းအုံးမြင့်မြင့် အုံးပေးမယ်ဆိုရင်တော့ မျက်တွင်းကျတာကို သက်သာစေပြီး မျက်လုံး မို့မို့ဖောင်းဖောင်းလေး ဖြစ်စေပါတယ်။
၄။ Tea Bag ကပ်ပေးပါ။
သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေ ကပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ လက်ဖက်ခြောက်ရွက်မှာ ကဖင်းနဲ့ အင်တီအောက်ဆီဒင့်တွေ ပါဝင်တာမို့ သွေးလည်ပတ်မှု ကောင်းမွန်စေတယ်။ Black Tea ဒါမှမဟုတ် Green Tea အထုပ်ကို ရေနွေးထဲမှာ ငါးမိနစ်ခန့် စိမ်ထားပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ တစ်ဆယ့်ငါးမိနစ်ခန့် ထားပါ။ အအေးဓာတ် ရလာပြီဆိုရင် မျက်လုံးပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပေးနိုင်ပါတယ်။ ပြန်ခွာပြီးရင်တော့ မျက်လုံးကို ရေအေးအေးနဲ့ ပြန်ဆေးပေးဖို့ လိုအပ်ပါတယ်။
၅။ Concealer အသုံးပြုပါ။
ပုံမှန် မိတ်ကပ်ဖောင်ဒေးရှင်းတွေ သုံးရုံနဲ့တော့ မျက်ကွင်းညိုတာကို မဖုံးအုပ်နိုင်ပါဘူး။ ဒါကြောင့် အသားအရေ မညီညာမှုတွေနဲ့ အမည်းစက်တွေကို ဖုံးအုပ်ပေးနိုင်တဲ့ Concealer တွေကို အသုံးပြုပေးပါ။ ဒါကလည်း မျက်ကွင်းညိုတာကို ဖုံးအုပ်ပေးမယ့် အလွယ်ဆုံးနည်းလမ်းတစ်ခုပါပဲ။