ပျော်ရွှင်ဖွယ်မှတ်စုများ - ၂
31 October, 2019
ဆူးရစ်နွယ်
တချို့က စိတ်အားတင်းတယ်ထင်တာပဲဗျ။ သူတို့ကိုယ်သူတို့ မသန်စွမ်းလို့ မခံယူတဲ့သူတွေရှိတယ်။ ဒါကျ ပြက်လုံးပဲ၊ ဟာသပဲ။ မသန်စွမ်းဟာ မသန်စွမ်းပဲလေ။ ဒါ အရှိတရားပဲ။ လူက သူ့အရှိတရားတိုင်း အကောင်းဆုံး ဖြတ်သန်းရတာပဲမို့လား။ ဘာတွေ ဖုံးကွယ်စရာလိုလို့လဲ။ ရိုးသားကြဖို့ လိုတယ်။ ရိုးရိုးသားသား ရေးမယ် ပြောမယ်။ အဲဒီအခါ ရှိမှုက လှနေမှာပေါ့။
လူမှုပတ်ဝန်းကျင် မယဉ်ကျေးပုံကတော့ အထူးပြောစရာမလိုပါဘူးဗျာ။ မသန်မစွမ်းကနေ မသန်စွမ်းဖြစ်အောင် မနည်း ပြောင်းခေါ်ခိုင်းရတာကိုးဗျ။ အဲဒီလိုလူမှုအသိုင်းအဝိုင်းမှာ လူ့အခွင့်အရေးကို တန်းတူအခွင့်အရေးလေး ထပြောရင် ဘယ်လိုပြောကြလဲ။ ငါတို့ ခြေကောင်းလက်ကောင်းတွေတောင် မရသေးတာ မင်းတို့ နေပါဦးကွာဆိုပြီး ဒုတိယတန်းစားနေရာ ပို့ကြတာပဲ။ ပါးစပ်ကတော့ တန်းတူအခွင့်အရေး တွင်တွင် ပြောကြတာပါပဲ။ အဲဒီလူမှုပတ်ဝန်းကျင်က ထွက်လာတဲ့အနုပညာဆိုသဟာကလည်း ရယ်စရာကောင်းတယ်။ ရုပ်ရှင်ထဲမှာ၊ ဇာတ်စင်ပေါ်မှာ၊ အငြိမ့်ပွဲမှာ မသန်စွမ်းတစ်ယောက်ဟာ ရယ်စရာပါပဲ။ လူတစ်ယောက်ရဲ့ မသန်စွမ်းမှုဟာ ခင်ဗျားတို့အတွက် ဘယ်လောက်ရယ်စရာကောင်းနေသလဲ။ ကျွန်တော့်အတွက် မေးတဲ့မေးခွန်း မဟုတ်ပါဘူး။ ခက်ခဲတဲ့ အသက်ရှင်နည်းနဲ့ နေနေကြတာပါ။ ဉာဏ်ရည်မပြည့်တဲ့ကလေးတွေကို ကြည့်ပါ။ လှောင်စရာ မဟုတ်ပါဘူး။ နှိမ်စရာလည်း မဟုတ်ပါဘူး။ ကျွန်တော် ချိုင်းထောက်နဲ့ဖြစ်တဲ့ မထော်မနန်းကိစ္စတွေဟာ တကယ့်အဖြစ်အပျက်တွေပဲ။ ရယ်စရာလည်း ကောင်းသလို မသန်စွမ်းမှုနယ်ပယ်ကိုလည်း မထိခိုက်ပါဘူး။ အဲဒီလို ရေးကြပါလား။ အဲဒီလို တစ်ကဒ်ချင်းစီ ရုပ်ရှင်ရိုက်လို့ မရကြဘူးလား။ ခုတော့ တွံတေးသိန်းတန်ရယ်၊ ဝင်းဦးရယ်၊ မသန်စွမ်းတွေရယ်က ခင်ဗျားတို့အတွက် ဟာသပဲ။ ခုလိုချိန် ရှေ့တင် အဲဒီလို လှောင်ရယ်စရာ လုပ်ပြရင်တော့ ပြုံးပြီးကြည့်နေလိုက်ရုံသာပ။ ဒီလူမှုပတ်ဝန်းကျင်က ဘယ်တော့များမှ ယဉ်ကျေးကြမှာတုံးဆိုပြီး ပြုံးကြည့်နေလိုက်ရုံပဲ။
တစ်ခါသား အဝေးပြေးကားကြီးနဲ့ ခရီးသွားတယ်။ ဒရိုင်ဘာက ကိုယ့်လူဆိုတော့ ရှေ့ဆုံးခုံမယ် ရတယ်။ သူအိပ်မယ့်ခုံကို ပေးထိုင်တာ။ ကိုယ်ရတဲ့ခုံက နောက်မှာပါ။ အဲဒီမယ် အဝေးပြေးကား ထုံးစံအတိုင်း ဗီဒီယိုပြတယ်။ ဟာသ တစ်ခန်းရပ်ပြဇာတ်ပေါ့လေ။ လူရွှင်တော်တွေက ကိုယ်ကြိုက်တဲ့လူတွေပါ။ ဇာတ်လမ်းက ဒီလိုဗျ။ မင်္ဂလာဆောင်ကိုလာတာ အလင်းမရသူတွေ၊ အကြားအာရုံမရသူတွေ၊ စကားမပြောနိုင်တဲ့သူတွေ၊ ဉာဏ်ရည်မပြည့်တဲ့သူတွေ။ အဲဒီလူတွေ စကားပြောတာ နေမှုထိုင်မှု ချွတ်ချော်ကြတာကို လှောင်တာပေါ့လေ။ လူတစ်ယောက်က ခုံမယ် ထိုင်ပြီး ပြောနေတာ။ ဟိုအကန်းက ဘယ်လို ဟိုအပင်းက ဘယ်လို။ အဲဒီအသုံးနှုန်းတွေနဲ့ ပြောတာ။ ပြီးကျ အဲဒီလူက ထသွားတော့ ချိုင်းထောက်ကြီးနဲ့ဗျ။ စာတန်းထိုးတော့ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ။ အဲဒီ မဟုတ်တရုတ်စကားပုံကို ယူသုံးထားတဲ့ တစ်ခန်းရပ်ပဲ။ ပြဇာတ်တစ်ခုအနေနဲ့တော့ ကောင်းတယ်။ ပြောချင်တာကို အံကိုက်ပြသွားတာ။ ထိရောက်တဲ့ မက်ဆေ့ပေါ့လေ။ ကားတစ်စီးလုံး အုံးအုံးထ ရယ်ကြတာပဲ။ အဲဒါ ဒရိုင်ဘာက သူ့တပည့်ကို ချက်ချင်း အခွေလဲခိုင်းတယ်။
ထမင်းစားနားကြတော့ သူကတောင် ကိုယ့်ကို တောင်းပန်လိုက်သေးတယ်။ ဟာ… ရပါတယ်ဗျာ အေးဆေးပါဆိုပြီး ပုံမှန်စကားပြောကြသေးတယ်။ လူစုံလို့ ပြန်ထွက်ကြတော့ ကျွန်တော့်ဘေးကပ်လျက်ခုံမယ် ထိုင်နေတာ ကလေးမနှစ်ယောက်။ သူတို့နောက်က အဒေါ်ကြီးနှစ်ယောက်။ လေးယောက်သား ကျွန်တော့်ကြည့်ပြီး ပြုံးစိစိ လုပ်ကြတာဗျ။ ကျွန်တော့်စိတ်ထင်နေလို့ မဟုတ်ဘူး။ လှောင်ပြုံး ပြုံးနေကြတာရယ်။ သူတို့စိတ်ထဲတော့ ဒီကောင်လေး ငါတို့က အကောင်းမှတ်လို့ ကြည့်နေတာ၊ ပြီးမှ ချိုင်းထောက်ကြီးနဲ့ပဲဟဆိုတာတွေးပြီး ပြုံးစိစိ ရယ်ကျဲကျဲ လုပ်နေပုံရပါတယ်။ လူတစ်ယောက်ရဲ့အမူအယာအနေအထားကို ကြည့်လိုက်ရင် သိသာပါတယ်။ လှောင်ပြောင်လိုခြင်း မရှိဘူးဆိုရင်တောင် ခုနက ပြနေတဲ့ဗီဒီယိုက မှားယွင်းတဲ့မက်ဆေ့ကို သူတို့ ရရှိသွားပြီဆိုတာ သေချာပါတယ်။ ကျွန်တော်ကလည်း အရေထူနေတဲ့ကောင်ပဲ။ သူတို့ ကြည့်ပြီး ပြုံးမိတယ်။ ကျွန်တော် ပြုံးပြလိုက်တော့ အဒေါ်ကြီးက ရှက်အမ်းအမ်းနဲ့ ရုပ်ကြီး တည်သွားတာ။ ရယ်ချင်စရာတောင် ကောင်းသေးတယ်။ ကျွန်တော်တို့လူမျိုးက ကမ္ဘာပေါ်မယ် အယဉ်ကျေးဆုံးပါလို့ ဂုဏ်ယူလေ့တော့ ရှိကြတာပါပဲ။
တကယ်တော့ ယဉ်ကျေးတယ်ဆိုတာက ကျွန်တော်တို့ထင်သလို လက်အုပ်ကလေးချီ၊ မင်္ဂလာပါလို့ပြော၊ ကိုယ်လေးကိုင်း လမ်းလျှောက်တာ မဟုတ်ဘူးဗျ။ စိတ်အဆင့်တန်းမြင့်တာကို ခေါ်တာ။ စိတ်ဓာတ်အဆင့်တန်းမြင့်တဲ့ လူ့အဖွဲ့စည်းမျိုးမှ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းခေါ်တာ။ အဲဒီလူ့အဖွဲ့စည်းမှာပဲ မေတ္တာတရားကို ရှာလို့ တွေ့နိုင်တာကိုးဗျ။